မိုင်းရှူးအနီးထိုးစစ်ကြောင့်အရပ်သား ၂၀ ကျော်သေ

  • 19 မတ် 2011
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဓာတ်ပုံ မူပိုင် SHAN
Image caption ရှမ်းပြည်တပ်မတော် မြောက်ပိုင်း

နောက်ဆုံးသတင်းရရှိချက်အရ- မနေ့ညတုန်းကလဲ နအဖနဲ့ အက်စ်အက်စ်အေတို့ထပ်ပြီး မိုင်းရှုးမြို့တောင်ဘက်က ၀မ့်လွေရွာမှာ ညနေ ၇ နာရီကနေ ၁၇ အထိ ၅ နာရီကြာပစ်ခတ်ကြတယ်လို့ မိုင်းရှုးဒေသခံတွေကပြောပါတယ်။

SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းကို နအဖစစ်တပ် ထိုးစစ်ဆင်တိုက်ခိုက်မှုလုပ်ရာမှာ လက်နက်ကြီးကိုသာအဓိကထားပြီး ပစ်ခတ်တာရယ် နောက်ပြီး ပြည်သူလူထုနေတဲ့ ကျေးရွာနဲ့ ဘုန်းကြီးကျောင်းတွေကိုပါ ပစ်ခတ်လို့ ပြည်သူလူထုနဲ့ ဘုန်းကြီးတွေ ကိုရင်တွေ အယောက် ၂၀ ထက်မနည်းသေဆုံးကြပြီး အများအပြားဒဏ်ရာရှိတယ်လို့ သိရပါတယ်။

မိုင်းရှုးမြို့နယ် ဟိုနမ့်ပစ်ခတ်မှုမှာဆိုရင် ကိုရင်လေး ၃ ပါးနဲ့ ရွာသား ၃ ယောက် နအဖလက်နက်ကြီးကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ နောက်ပြီးတော့ ၇ နှစ်သားနဲ့ ၁၀ နှစ်သား ကလေးငယ်မောင်နှမ ၂ ယောက်အပါအ၀င် အခြားရွာသား စုစုပေါင်း ၆ ဦးဒဏ်ရာ ရရှိပါတယ်လို့ ဟိုနမ့်က ဒေသခံတယောက်ကရှမ်းဘာသာနဲ့ ပြောရာမှာ

"ကျမတို့ရွာကို လက်နက်ကြီးနဲ့ ပစ်တယ်။ ကိုရင်ငယ်လေး ၃ ပါးနဲ့ ရွာသားအချို့သေဆုံးပါတယ်။ အဲဒီလက်နက်ကြီးကြောင့်သေရမှာကြောက်လို့ ထွက်ပြေးရတယ် ဆိုပြီးပြောပြသွားပါတယ်။"

အခု အဲဒီဒဏ်ရာရရှိတဲ့သူကိုတော့ မိုင်းရှုးနဲ့ လွိုင်လင်ဆေးရုံမှာ ဒေသခံပြည်သူလူထုအကူအညီနဲ့ ဆေးကုသမှုပေးထားတယ်လို့ သိရပါတယ်။ ကျန်တဲ့ အခြား ဒုက္ခသည် ၇ ရာကျော်ကိုလည်း မိုင်းရှုး ဒေသခံတွေက ကူညီစောင့်ရှောက် ပေးကြတယ်လို့ သိရပါတယ်။အလားတူ တန့်ယန်းမြို့တောင်ဘက် မိုင်းကောင် ကျေးရွာအုပ်စု နမ့်လောင်း ရွာမှာဖြစ်တဲ့တိုက်ပွဲမှာလဲ နအဖက ဘုန်းတော်ကြီးကျောင်းတွေကိုပဲ ပစ်မှတ်ထားပစ်နေတာကြောင့် ကိုယ်ရင်ငယ် ၄ ပါးနဲ့ စာချဘုန်းကြီး စုစုပေါင်း ၅ ပါးပျံလွန်သွားသလို ဒေသခံရွာသား ၄ ယောက်အပါအ၀င် လက်နက်ကြီးထိပြီး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာလဲ ထိခိုက်ဒဏ်ရာရရှိသူစရင်း အတိအကျ မသိရပေမဲ့လဲ အနည်းဆုံး ၁၀ ယောက်ထက်တော့ မနည်းထိခိုက်ကြတယ်လို့ သိရပါတယ်။

မိုင်းကောင် ကဒေသခံတွေပြောပြချက်အရ- အဲဒီက စစ်ပြေးဒုက္ခသည်တွေ မိုင်းကောင်ထဲ၀င်ပြီး လာရောက်ခိုလုံဖို့ကို မိုင်းကောင်အခြေစိုက် ခလရ ၃၃ က ၀င်ခွင့်မပြုပဲ နေရပ်ရင်းကို ပြန်ကြရတယ်လို့ သိရပါတယ်။ အခုဆိုရင် အဲဒီလို စစ်ဘေးစစ်ဒဏ် တွေကိုခံနေရတဲ့ အပြင် နအဖက ရှမ်းစစ်တပ်တွေကိုရှာဖွေဖို့အတွက် ကျား၊ မ မရွေး ထပ်ပြီးပေါ်တာဆွဲနေပြန်တယ်လို့ သိရပါတယ်။