ကမ္ဘာ့ကဗျာနေ့အခမ်းအနား ကျင်းပ

  • 21 မတ် 2011
Poetry ဓာတ်ပုံ မူပိုင် UNESCO

မတ်လ ၂၁ နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကို မြန်မာပြည်တွင်းက ကဗျာဆရာတွေ စုပေါင်းပြီး ရန်ကုန် ပြည်လမ်းက ယုဒသန်ခမ်းမမှာ ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲမှာ ဆရာကြီး ဒဂုံတာရာက သ၀ဏ်လွှာ ရေးပို့ခဲ့သလို ကဗျာဆရာတွေဖြစ်တဲ့ မောင်သာချို ၊ မောင်လင်းရိပ် ၊ သစ္စာနီ ၊ မောင်စိမ်းနီ စတဲ့ ကဗျာဆရာတွေအပါအ၀င် တက်သစ်စ ကဗျာဆရာတွေနဲ့ ကဗျာချစ်သူ ၂၀၀ ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

အခမ်းအနားမှာ ကဗျာတွေကို ပုံစံမျိုးစုံနဲ့ ရွတ်ဖတ်တင်ဆက်ခဲ့ကြတယ်လို့ ဦးဆောင် စီစဉ်သူ တစ်ဦးဖြစ်တဲ့ ကဗျာဆရာ မောင်စိမ်းနီက ပြောပါတယ်။

''ကဗျာလေးတွေနဲ့ ချစ်ကြည်စွာပေါ့ဗျာ။ အားလုံးပူးပေါင်းဆင်နွဲကြတဲ့ ပွဲလေး တပွဲပါပဲ။ အဲ့ဒါကြောင့်မို့ ဒီနေ့မှာ ကျနော်တို့ ထူးထူးခြားခြား ကဗျာတွေ ရွတ်ကြတယ်။ ကဗျာကနေ ပြီးတော့ ပြဇာတ်တို လေးတွေ လုပ်ကြတယ်။ ကဗျာကနေ သီချင်းတွေ လုပ်ကြတယ်။ ကဗျာ ကနေပြီးတော့ ပါဖွန်းမန့်စ် တွေ လုပ်ကြတယ်။ ကဗျာကနေ နောက်ပိတ်ဆုံး အဆင့်ဆင့် ပေါ့ဗျာ သံချပ်အထိပေါ့။ ကျနော်တို့ရဲ့ ရသ အစစ်တွေ ရရှိရေး အတွက်ကို ကြိုးပမ်း ကြတာပါပဲ။''

နောက်ပြီး ဆရာ မောင်စိမ်းနီက ''ကျနော်တို့က အဟောင်းနဲ့ အသစ်ကြားမှာပဲ တိုးတက် အောင် သွားနေတဲ့ လူငယ်တွေရဲ့ ပွင့်သစ်တွေရဲ့ အင်အား ကလည်း မနည်းတော့ဘူးလို့ ပြောလို့ရမှာပေါ့ဗျာ။ ကဗျာဆရာတွေတင်မကပါဘူး အားလုံးအားလုံးသော တွေးခေါ် မြင့်မားတဲ့ သူတွေအားလုံးဟာ အကုန်လုံးရုန်းကန် တွန်းထွက်နေကြရတာပဲ'' လို့ ပြောပါတယ်။

ကမ္ဘာကဗျာနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း UNESCO က ၁၉၉၉ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ်ကနေ စပြီး ကမ္ဘာအနှံ့မှာ ကျင်းပလာကြတာ ဒီနေ့အထိဖြစ်ပါတယ်။

ဒီလိုအလားတူအခမ်းအနားကို ထိုင်းနိုင်ငံကို ရောက်နေတဲ့ ကဗျာဆရာတွေနဲ့ ကဗျာချစ်သူတွေက စုပေါင်းပြီး ကဗျာရွတ်ပွဲတွေ လုပ်ခဲ့သလို မြန်မာ ပြည်ထဲက မြို့နယ် ၆ မြို့နယ်မှာလည်း ကျင်းပ ခဲ့တယ်လို့ သိရပါတယ်။