ညီမျှတဲ့ အာဆီယံ ဘုံစျေး အလှမ်းဝေးသေး

  • 22 မတ် 2011

၂၀၁၅ ခုနှစ်မှာ အာဆီယံ ဘုံစျေး အဖွဲ့ ထူထောင် ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင် နေကြပေမဲ့ အပြည့်အဝ ဖွဲ့နိုင်ဖို့တော့ မလွယ် သေးဘူးလို့ ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ ပညာရှင် တွေက သတိပေး လိုက်ပါတယ်။

Image caption အာဆီယံ ဘုံစျေး အဖွဲ့ကို ၂၀၁၅ ခုနှစ်မှာ အကောင် အထည် ဖော်ဖို့ ရည်မှန်း

အာဆီယံ နိုင်ငံတွေ ကြားထဲမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုချင်း မတူညီကြတဲ့ အတွက် အားလုံး တပြေးညီ ပါဝင်နိုင်တဲ့ အာဆီယံ ဘုံစျေး အဖွဲ့ကြီး ဖြစ်လာ နိုင်ဖို့ ခက်ခဲ နေဦးမှာ ဖြစ်တယ်လို့ တနင်္လာနေ့က ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ ပညာရှင်တွေ ရဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောခဲ့ကြတာ ဖြစ်ပါတယ်။

အာဆီယံ ဘုံစျေး အဖွဲ့ ASEAN Economic Community ထူထောင်ဖို့ ရည်မှန်း ထားတဲ့ အချိန်က လေးနှစ် ပဲ ကျန်တော့ တာမို့ အာဆီယံ နိုင်ငံ တွေ အတွင်း စီးပွားရေး တိုးတက်မှု နောက်ကျ ကျန်နေသေးတဲ့ မြန်မာ လို နိုင်ငံ အဖို့ အစိုးရရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ မူဝါဒ တွေကို ပြုပြင် ထားရင် အကျိုး ရှိနိုင်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက ထောက်ပြ ပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံစျေး အဖွဲ့ရယ်လို့ ဖြစ်လာတဲ့ အခါ ပြည်ပ နိုင်ငံတွေက ကုန်ပစ္စည်းတွေ မြန်မာ နိုင်ငံ အတွင်းကို ဝင်ရောက်လာမှာ ဖြစ်တဲ့ အပြင် သွင်းကုန်ခွန် တွေကို သုည ရာခိုင်နှုန်း အထိ ချပေးရမှာ ဖြစ်တဲ့ အတွက် ပြည်တွင်းက စားသုံးသူတွေ အနေနဲ့ ပြည်ပက သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို စျေးပေါပေါနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ အစိုးရရဲ့ အထောက်အကူ သိပ်မရတဲ့ ဖွံ့ဖြိုးမှု မရှိတဲ့ စက်မှု လက်မှု လုပ်ငန်းရှင်တွေက ပြည်ပက သွင်းကုန် တွေနဲ့ ယှဉ်ပြီး ထုတ်လုပ် နိုင်မှာ မဟုတ်တဲ့ အတွက် ပြည်တွင်းက လုပ်ငန်းငယ်တွေ လုပ်ဆောင်ကြသူတွေ အဖို့တော့ အန္တရာယ်ရှိတယ်လို့လည်း ဒေါက်တာ ဇော်ဦးက ပြောပါတယ်။