ဧရာဝတီ စီးဆင်းနိုင်ပါလေ ဦးမလား

  • 22 မတ် 2011
Irrawaddy River ဓာတ်ပုံ မူပိုင် AP
Image caption ဧရာဝတီစတင် စီးဆင်းရာ မြစ်ဆုံမှာတောင် ရေတွေ နဲလာနေတာ တွေ့ရ

မြန်မာနိုင်ငံရဲ့အသက်သွေးကြော ဧရာဝတီမြစ်ကြီးဟာ နွေရာသီမှ ပီပီပြင်ပြင် မစသေးခင် အခုအချိန်မှာတောင် မြစ်ကြောင်းတွေ ကောနေတာ သောင်တွေထွန်းနေတာ မြစ်ကြောင်း တလျှောက် တွေ့နေရပါပြီ။

ဖရီဒါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ပညာရှင် တဦးဖြစ်တဲ့ ဦးအုန်းက သူကိုယ်တိုင် မကြာခင်က စစ်ကိုင်းကို ရောက်ခဲ့တဲ့ အခါ ဧရာဝတီမြစ်ထဲမှာ ရေတွေ မတွေ့ရတော့တာကို ထိတ်လန့်စဖွယ် တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

မြစ်ရေကို အမီပြုနေကြရတဲ့ စစ်ကိုင်းမြို့ထဲမှာလည်း ရေတွေကို ရပ်ကွက်တွေမှာ အလှည့်ကျ ဝေပေးနေကြရတယ်လို့ ဆိုပါတယ်။

မတ်လ ၂၂ ရက် နိုင်ငံတကာ ရေသန့်ရရှိရေးနေ့မှာ မြန်မာနိုင်ငံက ရေအရင်းအမြစ်တွေ နဲပါးလာနေရတဲ့ အကြောင်း ဦးအုန်းက ဘီဘီစီကို ပြောပြခဲ့တာပါ။

အခုလို ဧရာဝတီမြစ်ရေတွေ ခန်းလာရတဲ့ အကြောင်းတွေထဲမှာ သစ်တောတွေ ပြုန်းတီးကုန်လို့ မြေသားလွှာတွေ ပျက်စီးပြီး နုံးတွေတင်လာတာ၊ စီးပွားရေးသမားတွေက မြစ်ထဲက သဲ နဲ့ ကျောက်စရစ်တွေကို အထိန်းအကွပ်မဲ့ တူးယူနေကြတာ၊ နောက်ပြီး မြစ်ဆုံက စလို့ မြစ်ကြောင်းတလျှောက်မှာ ရေအားလျှပ်စစ် စီမံကိန်းတွေ ဆည်တွေ တောက်လာကြလို့ မြစ်အောက်ပိုင်းမှာ ရေနဲသွားတာ ရေကြောင်းပြောင်းသွားတာတွေ တွေ့နေရတယ်လို့ ဦးအုန်းက ပြောပါတယ်။

ဧရာဝတီ နဲ့ ချင်းတွင်း မြစ်ထဲမှာ ရွှေရှာ ရွှေတူးမှုတွေကလည်း သုံးစွဲတဲ့ မာကျူရီလို ဆိုင်ယာနိုက်လို အဆိပ်ဓာတ်တွေကြောင့် ရေသတ္တဝါတွေ အဆိပ်မိကုန်ပြီး မျိုးတုန်းတာတွေ တွေ့လာနေရပြီလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption ဧရာဝတီဟာ မြန်မာ့ စီးပွားရေးရဲ့ အသက် သွေးကြော ကြီးလဲဖြစ်

ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသမှာလည်း မြစ်ကြောင်းတွေ တိမ်သွားလို့ အရင်က လွယ်လွယ်ကူကူ သွားနိုင်တဲ့ ဒေသတွေကို အခုအခါ ကွေ့ပတ်သွားနေရပြီလို့ ဦးအုန်းက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတချို့မှာ ပင်လယ်ထဲ မစီးဝင်တော့တဲ့ မြစ်တွေ တွေ့လာနေရပြီမို့ ဧရာဝတီမြစ်ဟာလည်း တချိန်မှာ ပင်လယ်ထဲ မစီးတော့မဲ့ အဖြစ် ကြုံလာရ နိုင်တယ်လို့ ဦးအုန်းက သတိပေးလိုက်ပါတယ်။

မြန်မာ့ သမိုင်းအစဉ်အဆက် ယဉ်ကျေးမှုတွေ ထွန်းကားရာ မြန်မာပြည်သူလူထု သန်းချီပြီး မှီခိုစားသောက် အသက်မွေးဝမ်းကျာင်းနေကြရာ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းစတဲ့ မြစ်ကြီးတွေကို အထိန်းသိမ်း မစောင့်ရှောက်ရင် နိုင်ငံတကာက အကူအညီ ဘယ်လောက်ပေးပေး တိုင်းပြည်ဟာ ဆင်းရဲ မွဲတေမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့လဲ ဦးအုန်းက ပြောကြားသွားပါတယ်။