လစ်ဗျား စစ်ဆင်ရေးရဲ့ ရည်မှန်းချက်

Typhoon fighters ဓာတ်ပုံ မူပိုင် PA
Image caption လစ်ဗျား စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ ဗြိတိသျှ တိုင်ဖွန်း တိုက်လေယာဉ်တွေ

လစ်ဗျားကို လေယာဉ်မပျံသန်းရ ဇုံနယ်မြေအဖြစ် သတ်မှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြပြီး တိုက်ခိုက်မှုတွေတောင် စတင်နေပါပြီ။ ဒါပေမဲ့ ဒီစစ်ဆင်ရေး အပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေက တိုးပွားများပြားလာနေပါတယ်။

ကုလသမဂ္ဂ မဟာမိတ်တပ်ဖွဲ့အတွင်းမှာလည်း ဒီစစ်ဆင်ရေးရဲ့ အဓိက ဦးတည်ချက်က ဘာလဲဆိုတာနဲ့ ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေပါတယ်။

တကယ်တော့ လုံခြုံရေးကောင်စီကပေးလိုက်တဲ့ လုပ်ပိုင်ခွင့်ဟာလည်း အံ့သြစရာကောင်းလောက်အောင် ကျယ်ပြန့်ပါတယ်။ အရပ်သား တွေကို လစ်ဗျား အစိုးရစစ်တပ်က တိုက်ခိုက်နေတာကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်မှန်သမျှ ဆောင်ရွက်နိင်တယ်လို့ ရေးထားပါတယ်။

အဲသလို ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားတဲ့ လုပ်ပိုင်ခွင့်အပေါ် မဲခွဲကြတုန်းကတော့ ရုရှားရော တရုတ်ပါ ဗီတိုအာဏာသုံး ပယ်ချတာမျိုး မလုပ်ပဲ ခွင့်ပြုခဲ့တာ ကလည်း အံ့သြစရာပါ။

ဒါပေမဲ့ တကယ်တန်း စစ်ဆင်ရေး စတင်ချိန်မှာတော့ ဝေဖန်သံ အမျိုးမျိုး ထွက်ပေါ်လာပါတယ်။

တရုတ်၊ ရုရှား၊ အိန္ဒိယ၊ တောင်အာဖရိက နိုင်ငံတွေက ဒီစစ်ဆင်ရေး အပေါ် ဝေဖန်နေကြပါတယ်။

ရုရှား ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင်က ဆိုရင် ဒီလေကြောင်း တိုက်ပွဲဟာ ဘာသာရေးစစ်ပွဲ ဆင်နွှဲလိုက်တာလို့ ဆိုပါတယ်။ ဘာသာရေးစစ်ပွဲဆိုတဲ့ စကားလုံးဟာ သိပ်အကဲဆတ်ပါတယ်။ အရှေ့အလယ်ပိုင်းကို မီးမွှေးပေးနိုင်တဲ့ စကားလုံးမျိုးပါ။

တောင်အာဖရိက သမ္မတ ဂျေကော့ဘ် ဇူးမား ကလည်း ကဒါဖီအစိုးရ ဖြုတ်ချရေးကို အလိုမရှိ၊ လစ်ဗျားကို နိုင်ငံခြား ကျူးကျော်မှုကို အလိုမရှိ၊ အပစ်အခတ်အားလုံး ရပ်စဲဖို့ဆိုပြီး ပြောလာပါတယ်။ တောင်အာဖရိက နိုင်ငံဟာ တကယ်တော့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့တဲ့ နိုင်ငံပါ။

တကယ်တော့ ဒီတုန့်ပြန်မှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံတွင်း နိုင်ငံရေး အခြေအနေတွေကလည်း ထင်ဟပ်နေပါတယ်။

ဥပမာ ရုရှားခေါင်းဆောင် နှစ်ယောက်ဖြစ်တဲ့ ဗလာဒီမီယာပူတင်နဲ့ ဒီမီထရီ မက်ဒ် ဗီဒက်ဗ်တို့ အကြားမှာ နောက်သက်တမ်း သမ္မတရာထူး အတွက် အပြိုင် အဆိုင် ကိစ္စရှိပါတယ်။ ဒီတော့ တယောက် လုပ်တာကို တယောက်က ထောက်ပြနေတာမျိုး ဖြစ်ပါတယ်။

တောင်အာဖရိက သမ္မတ ဂေျကော့ဘ် ဇူးမားရဲ့ ဝေဖန်ချက်ကတော့ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ ဘာကို ဦးတည်နေတာလဲ ဆိုတာ မကွဲပြားဘဲ ရှုပ်ထွေးနေလို့ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ဘီဘီစီရဲ့ သံတမန်ရေးသတင်းထောက်က သုံးသပ်ပါတယ်။

ဗြိတိန်ခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ် နဲ့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့က ကဒါဖီ ကို ပစ်မှတ်မထားရဘူးဆိုတဲ့ အချက်ကို လက်မခံ ငြင်းဆန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဗြိတိသျှ တပ်ဖွဲ့ရဲ့ အကြီးအကဲကတော့ ကဒါဖီဟာ သူတို့ ပစ်မှတ် လုံးဝမဟုတ်ပါဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် မာ့က်တိုနာ က ကဒါဖီအစိုးရ ဖြုတ်ချရေးဟာ သူတို့ရဲ့ အဆုံးစွန် ရည်မှန်းချက် အဖြစ် ဆက်ရှိနေသေးတယ်လို့ ဆိုနေချိန်မှာပဲ အာဖရိကွန်းလို့ ခေါ်တဲ့ အမေရိကန် အာဖရိက စစ်ဌာနချုပ် ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာတာ ဟမ်းမ် ကတော့ ကဒါဖီကို တိုက်ခိုက်ရေးဟာ စစ်ဆင်ရေး ရည်ရွယ်ချက်ထဲမှာ မပါဘူးလို့ ဆိုပါတယ်။

ပြင်သစ် စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ကလည်း ကဒါဖီကို ပစ်မှတ်မထားပါဘူးလို့ ဆိုပေမယ့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အယ်လန်ယူပေး ကတော့ ကဒါဖီအစိုးရ ပြုတ်ကျသွားဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့်ပဲ လစ်ဗျားစစ်ဆင်ရေးဟာ ရည်မှန်းချက်တွေ အမျိုးမျိုး ကွဲပြားနေတဲ့ စစ်ရေး လှုပ်ရှားမှုတခု ဖြစ်နေပြီး အချိန်ကြာလာတာနဲ့ အမျှ သဘောထားမညီမှုတွေကလည်း ပိုထင်ရှားလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။