စစ်ဥပဒေချုပ်ဆီ လူ့အခွင့်အရေးအဖွဲ့ စာပို့

  • 25 မတ် 2011
SPDC
Image caption စစ်တပ်ခေါင်းဆောင်တွေရဲ့ ကျူးလွန်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆို

Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေကို ရပ်ဖို့ တာဝန်ရှိသူတွေကို အရေးယူဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို တောင်းဆိုထားတဲ့ စာတစောင်ကို မတ်လ ၂၄ ရက်နေ့က စစ်ဥပဒေချုပ် ဗိုလ်ချုပ်ရာပြည့်ဆီကို ပေးပို့ခဲ့ပါတယ်။

မတ်လ ၂၇ တပ်မတော်နေ့ အကြိုအဖြစ် ပို့ခဲ့တာလို့လဲ ဆိုပါတယ်။

တခါ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကိုလဲ ထောက်ခံဖို့ စစ်ဥပဒေချုပ်ကို တိုက်တွန်းထားတာ တွေ့ရပါတယ်။

Human Rights Watch ရဲ့ အာရှရေးရာ ဒါရိုက်တာ ဘရက် အဒမ်က စစ်ဥပဒေချုပ်ဟာ စစ်တပ်ရဲ့ အပြုအမူတွေအတွက် ဥပဒေရေးရာ အရ တာဝန်ရှိသူ ဖြစ်တဲ့ အတွက် သူ့ဆီ စာရေး အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တနေ့မှာ မြန်မာစစ်ခေါင်းဆောင်တွေကို ခုံရုံးတင်အရေးယူရတဲ့ အခြေအနေရောက်လာရင် စစ်ဥပဒေချုပ်အနေနဲ့ သူမသိပါဘူးလို့ ငြင်းလို့မရနိုင်အောင် အသိပေးထားတာဖြစ်တယ်လို့လဲ ဆိုပါတယ်။

စစ်တပ်က ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်အောင် စစ်တပ်အနေနဲ့ မူဝါဒချပြီး တားမြစ်တာမျိုး မရှိလို့ ဒီအလုပ်ဟာ စစ်ဥပဒေချုပ်ရဲ့ အလုပ်ဖြစ်ပါတယ်ဆိုတာ သတိပေးချင်တာလည်း ဖြစ်ပါတယ်လို့ ဘရက်အဒမ်က ပြောပါတယ်။

တခါ ဧပြီလထဲမှာ ပြုလုပ်မယ့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာလည်း ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကို ဆွေးနွေးကြဖို့ရှိပြီး နိုင်ငံအများစုရဲ့ ထောက်ခံချက်ရမယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

ကော်မရှင်ဖွဲ့စည်းဖို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီက သွားမှာ မဟုတ်ပဲ လူ့အခွင့်အရေးကောင်စီက တိုက်ရိုက်ဆုံးဖြတ်မှာ မဟုတ်လို့ တရုတ် နဲ့ ရုရှားလို နိုင်ငံတွေက ဗီတိုနဲ့ ပယ်ချလို့ မရပဲ အများစုမဲ အသာနဲ့သာ ဆုံးဖြတ်ရမှာ ဖြစ်တဲ့ အတွက် အများကြီး အခွင့်အလမ်း ရှိပါတယ်လို့ Human Rights Watch ရဲ့ အာရှရေးရာ ဒါရိုက်တာ ဘရက် အဒမ် က ပြောသွားပါတယ်။