လွှတ်တော်နှစ်ရပ် အစည်းအဝေးတွေ ပြီးစီး

  • 23 မတ် 2011

နေပြည်တော်မှာ ကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွေ ဒီကနေ့မှာ နောက်ဆုံးနေ့အဖြစ် ကျင်းပ ပြီးစီး သွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption လူမှုဖူလုံရေးအဆို၊ ကျန်းမာရေးအာမခံရရှိရေး အဆို စတဲ့ တချို့အချက်တွေကို လက်ခံခဲ့

ဒီနေ့နောက်ဆုံးနေ့ အပါအဝင် လွတ်တော် အစည်း အဝေး တလျှောက်လုံးမှာ တိုင်းရင်း သား ပါတီတွေ အပါအဝင် အမတ်အင်အား နည်းတဲ့ ပါတီတွေက မေးခွန်းတွေမေးတာ၊ အဆိုတင်သွင်းတာတွေကို လုပ်ခဲ့ကြပါတယ်။

အများစုကလည်း ဒေသဆိုင်ရာအတွက် လျှပ်စစ် မီးရရှိရေး၊ လမ်းဖေါက်လုပ်ရေး၊ ပညာသင်ကြား ခွင့် သယ်ယူပို့ဆောင်ရေး အစရှိတာတွေကို မေးခွန်းမေးတာ၊ အဆိုပြုတာတွေ လုပ်ခဲ့ပါ တယ်။

အများက စိတ်ဝင်စားတဲ့ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် ပေးဖို့၊ လက်နက်ကိုင် လူမျိုးစု တွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ မေးခွန်းတွေ၊ အဆိုတွေကိုလည်း တင်ပြခဲ့ကြ ပါတယ်။

တင်ပြချက်အားလုံးကို အစိုးရ တတ်နိုင်သလောက်လုပ်ခဲ့ပြီး၊ ကျန်တာတွေကိုတော့ သမ္မတ အသစ်နဲ့ အစိုးရသစ်ကသာ ဆက်လုပ်ဆောင်သွားမယ် ဆိုပြီး မေးခွန်းနဲ့ အဆိုတွေ ပယ်ချခဲ့ တယ်လို့ သိရပါတယ်။

အလုပ်သမား၊ လယ်သမား သက်ကြီးရွယ်အို အစရှိတဲ့ လူမှုဖူလုံရေးအဆို၊ ကျန်းမာရေး အာမခံရရှိရေး အဆို စတဲ့ တချို့အချက်တွေကို လက်ခံထားပြီး ဒုတိယအကြိမ် လွှတ်တော် ခေါ်တဲ့အခါ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီကနေ့တော့ ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ပါ နောက်ဆုံးနေ့ဖြစ်ပြီး၊ မနက်ဖြန်မှာ ပြည်ထောင်စုလွှတ်တော် ဆက်လက် ကျင်းပမှာဖြစ်ပါတယ်။

ဆယ်မြောင်ဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ် ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဦးဌေးဦးက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုကို တင်သွင်းထားပါတယ်။

မေးခွန်းတချို့ အဆိုတချို့ကို ဒီရက်ပိုင်းမှာ တင်ပြီးရင်တော့ လာမယ့် အပတ်မှာတော့ သမ္မတသစ် ကျမ်းသစ္စာကြိမ်ဆိုပွဲနဲ့ အစိုးရသစ် လွှဲပြောင်းရေးတွေ ပြုလုပ်ဖို့ ရှိနိုင်တယ်လို့ လွှတ်တော်အမတ်တွေက ပြောဆိုနေကြပါတယ်။