မြန်မာ့ တပ်မတော် ရေလိုလလို ကျင့်ဖို့လို

  • 23 မတ် 2011

တပ်မတော်မှာ အရာရှိဆိုးသာရှိတယ် စစ်သည်ဆိုးမရှိတဲ့အတွက် လက်ရှိဆိုးနေတဲ့ ကိစ္စဟာ ထိပ်ပိုင်းကနေသာလျှင် ဒီတိုင်းသူ ပြည်သား အားလုံးအပေါ် တကယ်ချစ် တဲ့ မေတ္တာစိတ်နဲ့ ပြုပြင်ဖို့လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက လွတ်လပ် အတွေး ဆွေးနွေးဖလှယ် အစီအစဉ်ကနေ ပြောကြားသွားပါတယ်။

Image caption ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ ဆောင်ပုဒ်နဲ့ တပ်မတော် စခဲ့တာဖြစ်

'' ဂုဏ်သိက္ခာရှိတဲ့ လူထုလေးစားတဲ့ စစ်တပ် ပြန်ဖြစ်အောင် ဘာလုပ်သင့်လဲ'' ခေါင်းစဉ်နဲ့ သောတရှင်တွေ ဆွေးနွေးကြတဲ့ ဒီကနေ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ် မှာ ဦးတင်ဦးက တပ်မတော်အနေနဲ့ စစ်သည် တော် ကျင့်ဝတ်ထဲပါသလို ပြည်သူကို ဆက်ဆံတဲ့ နေရာမှာ ရေလိုလလို ကျင့်ကြဖို့နဲ့ နေလိုမီးလို မကျင့်ဖို့ ကိုလည်း ပြောကြားသွားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ မြန်မာ့ တပ်မတော်ဟာ အခုအချိန်မှာ ဂုဏ်သိက္ခာဟာ ကျဆင်းနေ့ပြီး ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှုလည်း နည်းပါးလာ နေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ တပ်မတော်ဟာ ကိုယ်ကျိုးစွန့်မှု အနစ်နာခံမှုတွေရှိပြီး၊ အဲဒီလို ဗိုလ်ချုပ်ရဲ့ခေါင်းဆောင်တဲ့ တပ်မတော်မှာ သူ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ကြောင်း ဦးတင်ဦးက ရှင်းပြပါတယ်။

တပ်မတော်ထဲမှာ ကျွန်တော်တို့အားလုံးရဲ့ အားကိုးရာဟာ ပြည်သူလူထုဖြစ်တယ် အဲဒီတော့ ''ပြည်သူသာအမိ ပြည်သူသာအဖ'' ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ဆောင်ပုဒ်နဲ့စခဲ့တာ ဖြစ်ကြောင်းလည်း သူကပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း အခါအားလျော်စွာ သူတို့ကို ဆုံးမတဲ့အခါတိုင်း အမြဲတန်း လိုလို ''ငါတို့တပ်မတော် ထောင်တာဟာ တယောက်၊ တဖွဲ့၊ တစုရဲ့ အကျိုး စီးပွား အလို့ငှာ မဟုတ်ဘူး၊ တပြည်လုံးမှာရှိတဲ့ ပြည်သူပြည်သားအားလုံး တိုင်းရင်းသား အားလုံးရဲ့ အကျိုးစီးပွားအလို့ငှာ ဖြစ်တယ်'' လို့ ဆုံးမကြောင်း ဦးတင်ဦးက ပြောပါတယ်။

ဦးတင်ဦးက တိုင်းရင်းသားတွေအပေါ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး၊ စစ်သည်တွေဟာ တိုင်းရင်းသားတွေအပေါ် တန်းတူညီတူတင် မကပဲ သူတို့နဲ့ ပတ်သက်ရင် ကောင်းတဲ့ဘက်ကို အကြောပေးပြီးတော့ ဆောင်ရွက်တာမျိုးကို လုံးလဥဿဟ ထားပြီးတော့ ဆောင်ရွက်ဖို့ ကောင်းတယ်လို့ ပြောပါတယ်။

စစ်သည်တော့ကျင့်ဝတ်ထဲမှာလည်း ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ အဓိကကတော့ ရေလိုလလို ဆက်ဆံရမယ်၊ မီးလိုနေလိုမကျင့်ရဘူးပါကြောင်းလည်း သူကဆိုပါတယ်။

နောက်ဆုံးအနေနဲ့တော့ ဦးတင်ဦးက တပ်မတော်မှာ အရာရှိဆိုးသာရှိတယ် စစ်သည်ဆိုး မရှိကြောင်း ပြောကြားသွားပါတယ်။