စစ်မေးခံရသူ ရခိုင်လူမျိုးတွေ နှိပ်စက်ခံရ

  • 23 မတ် 2011

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အင်းစိန်မြို့နယ် အောင်ဇေယျ အိမ်ရာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အတွင်းက လှိုင်သာယာ၊ လှည်းကူးနဲ့ အင်းစိန် မြို့နယ်တို့မှာ နေထိုင်ကြတဲ့ ရခိုင်လူမျိုး ၁၀၀ နီးပါး လောက်ကို သက်ဆိုင်ရာ အာဏာပိုင် တွေက ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ ရာမှာ ရိုက်နှက် စစ်မေးတာတွေ လူမျိုးရေး ထိခိုက် တဲ့ အသုံး အနှုံးတွေ ရှိခဲ့တယ်လို့ ကာယကံရှင် တွေက ပြန်ပြောပြကြ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်းစိန် အောင်ဇေယျ ရပ်ကွက်မှာ ဗုံးပေါက်ကွဲမှု ဖြစ် အပြီး လူတွေ ကြည့်နေစဉ်

အဲဒီလို ဖမ်းဆီး စစ်မေး ခံရသူတွေထဲမှာ ပါဝင်တဲ့ ရခိုင် မောင်မယ် အသင်း ခေါင်းဆောင် ဖြစ်သူ ဦးစောလှအောင်က သူ့ကို စစ်ဆေး ခဲ့စဉ် တရားခံ လို ဆက်ဆံပြီး လက်ထိပ်ခတ် ခဲ့တဲ့ အပြင် ဖြုတ်ပေးဖို့ သူပြောတဲ့ အခါမှာ ရခိုင် လူမျိုးတွေ ခေါင်းမာတယ်၊ ထောင်ကျ အောင် လုပ်ပစ်မယ် စတဲ့ ရိုင်းပြတဲ့ ပြောဆိုမှု တွေ ရှိခဲ့ တယ်လို့ ဘီဘီစီကို ပြန်ပြော ပါတယ်။

သူ့ကို ဗုံးဖောက်ခွဲတဲ့ အဖွဲ့မှာ အဖွဲ့ခေါင်းဆောင် ဖြစ်တယ်၊ ယူဂျီ ဖြစ်တယ်လို့ စွပ်စွဲပြီး ကောင်း ကောင်း မဖြေရင် ထိထိ ရောက်ရောက် အရေး ယူမယ် လို့ ခြိမ်းခြောက် တာလည်း ခံရတယ် လို့ ဦးစောလှအောင်က ပြော ပါတယ်။

မြန်မာ တိုင်းရင်း ဆေးဆရာ တစ်ယောက်လည်း ဖြစ်တဲ့ ဦးစောလှအောင်ကို ဗုံးပေါက်ကွဲ ပြီးကာစ ရက်မှာ လှိုင်သာယာ ရဲစခန်းက တစ်ရက် ခေါ်ယူ မေးမြန်းခဲ့ပြီး မတ်လ ၁ ရက် နေ့မှာ တခါ ထပ် ခေါ်ယူ မေးမြန်း ခဲ့ ရာမှာတော့ လေးရက်ကြာခဲ့တယ်လို့ သူက ပြော ပါတယ်။

ဖမ်းယူ စစ်ဆေး ခံကြရသူ ရခိုင်လူမျိုး ၁၀၀ နီးပါး စလုံးဟာ ဗုံးပေါက်ကွဲမှု နဲ့လည်း ပတ်သက်မှု မရှိ၊ နိုင်ငံရေး လုပ်သူတွေလည်း မဟုတ်ကြဘဲ ရိုးရိုး သားသား လုပ်ကိုင် စားသောက် နေကြ သူတွေသာ ဖြစ်ကြတယ် လို့ ဆိုပါတယ်။

အဲဒီလို စစ်ဆေး ခံရသူတွေ ထဲမှာ ကိုကျော်လှစိန်ဆိုသူ အမျိုးသား တစ်ယောက်ကတော့ ခေါင်းကိုပါ ရိုက်နှက် ခံရတဲ့ အတွက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်၊ အငှားကား မောင်းသူ တစ်ယောက် ကတော့ ခြေသလုံးကို သစ်သား ပွတ်လုံးနဲ့ အလှိမ့် ခံခဲ့ရလို့ လမ်းမလျှောက်နိုင်တဲ့ အထိ နာကျင် ခံစားနေရတယ်လို့ လည်း ဦးစောလှအောင်က ပြောပါတယ်။

အစိုးရ ဝန်ထမ်းတွေ အနေနဲ့ အမှုမှန် ပေါ်ပေါက်ရေး အတွက် ပြည်သူတွေကို မေးမြန်းတဲ့ အခါ ကောင်းကောင်း မွန်မွန် ဆက်ဆံသင့်ပြီး အခုလို အာဏာကို အလွဲသုံးစား လုပ် တဲ့ အပြင် နိုင်ထက်စီးနင်း ပြုမူတာတွေကို သက်ဆိုင်ရာ အဆင့်ဆင့် အထိ တင်ပြ တိုင်ကြား သွားမယ်လို့ ရခိုင်မောင်မယ် အသင်း ခေါင်းဆောင် ဖြစ်သူ ဦးစောလှအောင်က ပြောပါတယ်။