ဒဏ်ခပ်ပိတ်ဆို့မှု ဆက်ထားသင့်လို့ ဒေါ်စုပြော

  • 24 မတ် 2011
Sanction ဓာတ်ပုံ မူပိုင် bbc
Image caption ဒဏ်ခပ် ပိတ်ဆို့မှု ဆက်ထားသင့်တယ်လို့ ဒေါ်စုပြော

ဥရောပ သမဂ္ဂက စစ်အစိုးရကို ဒဏ်ခပ် ပိတ်ဆို့မှု ရုပ်သိမ်းဖို့ စဉ်းစား နေချိန်မှာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒဏ်ခပ် ပိတ်ဆို့မှု ဆက်ထားသင့်တယ်လို့ ပြောလိုက်ပါတယ်။

ဂျာမန် နေ့စဉ် သတင်းစာ Frankfurter Rundschau နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ နိုင်ငံထဲမှာ အပြောင်းအလဲ ဖြစ်မှ ဒဏ်ခပ် ပိတ်ဆို့မှု ရုပ်သိမ်းသင့်တယ်လို့ ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နအဖက နိုဝင်ဘာလမှာ ပြန်လွှတ်ပေးခဲ့ပြီး မြန်မာ နိုင်ငံကို ဒဏ်ခပ် ပိတ်ဆို့မှု ရုပ်သိမ်း သင့်မသင့်ကို အီးယူက ရှေ့လမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အဲဒိအတွက် အီးယူ သံတမန်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ အပတ်က တွေ့ဆုံခဲ့ပါတယ်။

အိုင်စီဂျီခေါ် နိုင်ငံတကာ အကျပ်အတည်း လေ့လာရေး အတိုင်ပင်ခံ အဖွဲ့က မြန်မာ နိုင်ငံမှာ ဒဏ်ခပ် ပိတ်ဆို့မှု ဆက်ထားတာဟာ အကျိုးထက် အပြစ်ကို ပိုဖြစ်စေတယ်လို့ ပြောပြီး ပိတ်ဆို့မှုကို ဝေဖန်ခဲ့ပါတယ်။

ဒဏ်ခပ် ပိတ်ဆို့မှုကို ထောက်ခံသူတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာဖို့ နအဖ စစ်အစိုးရကို ဖိအားပေးရာမှာ ဒဏ်ခပ် ပိတ်ဆို့မှုဟာ တခုတည်းသော နည်းလမ်း ဖြစ်တယ်လို့ ထောက်ပြ ကြပါတယ်။

မြန်မာ နိုင်ငံမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ကိုရီးယား ကုမ္ပဏီတွေက ရင်းနှီး မြှတ်နှံနေချိန်မှာ ဒဏ်ခပ် ပိတ်ဆို့မှုကြောင့် အနောက် နိုင်ငံတွေက စီးပွားရေး ကုမ္ပဏီတွေဟာ တိုက်ရိုက် ရင်းနှီး မြှတ်နှံခွင့် မရကြပါဘူး။

စစ်တပ်က မနှစ် နိုဝင်ဘာလက ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ပေမယ့် ဒီရွေးကောက်ပွဲတွေကို နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေ တက်ခွင့် မရဘဲ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲအဖြစ် အီးယူ အပါအဝင် အနောက် နိုင်ငံတွေက ဖော်ပြခဲ့ကြပါတယ်။