တာချီလိတ်မှာ မြေငလျင်ကြီး လှုပ်ခတ်

  • 24 မတ် 2011
ဓာတ်ပုံ မူပိုင် usgs

မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့ မြောက်ဖက် ၂၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပြင်းတဲ့ ငလျင်တခု ကြာသပတေးနေ့ည ၈ နာရီ ၂၅ မိနစ်က လှုပ်ခတ်သွားခဲ့ပါတယ်။

ဒီ ရစ်ချတာစကေး ၆ ဒဿမ ၈ ရှိတဲ့ ငလျင်ကြီးကို ရှမ်းပြည်နယ်တခွင်သာမက ရန်ကုန်၊ မန္တလေး၊ ထိုင်းနိုင်ငံ ဘန်ကောက် နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ နေထိုင်သူတွေပါ ခံစား သိလိုက်ကြပါတယ်။

တာချီလိတ်မြို့က ကိုဇော်ဇော်က တမိနစ်လောက် ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး ငလျင်လှုပ်ချိန်မှာ တရားပွဲ ရှိလို့ တရားနာနေကြတဲ့ လူအုပ်ထဲက အသက်ကြီးတဲ့ လူ လေးငါးဦး မူးဝေသွားကြလို့ ဆေးရုံပို့ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

အိမ်တချို့ဆိုရင်လည်း သံတန်းယက်မကြီးတွေ ပြုတ်ကျတာ၊ အိမ် နံရံကြီးတွေ ကွဲသွားတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ငလျင်ကြီး လှုပ်အပြီးမှာပဲ နောက်ဆက်တွဲ လှုပ်ခါမှု aftershocks တွေ လိုက်ဖြစ်လာနေလို့ တာချီလိတ် နဲ့ ကျိုင်းတုံမြို့တွေမှာဆို လူတွေဟာ အိမ်တွေပေါ်မှာ မနေရဲတော့ပဲ လမ်းပေါ်မှာ ထွက်နေခဲ့ကြတယ်လို့ သိရပါတယ်။

ညပိုင်း ၁၂ နာရီလောက်အထိ လူတွေ လမ်းတွေပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။

ကျိုင်းတုံမှာလဲ အိမ်ထဲက ပစ္စည်းတွေ ပြုတ်ကျ ပြိုလဲကုန်တယ်လို့ မြို့ခံတဦးက ပြောပြပါတယ်။

အေဖက်ပီ သတင်းတပုဒ်မှာတော့ အဆောက်အဦပြိုကျလို့ တာချီလိတ်မှာ ကလေးတယောက်နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မှာ အသက် ၅၀ ကျော် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အပျက်အစီးနဲ့ ထိခိုက်ဒဏ်ရာရမှု သတင်း အသေးစိတ်ကတော့ မသိရသေးပါဘူး၊ မကြာခင်ကပဲ နယူးဇီလန် မှာ ဂျပန်မှာ အင်အားပြင်းတဲ့ ငလျင်ကြီးတွေ လှုပ်ခဲ့တဲ့ သတင်းတွေ ကြောင့် လူတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေကတော့ များနေကြတယ်လို့ သိရပါတယ်။

သောတရှင်တို့ ကြာသာပတေးညက လှုပ်ခတ်သွားတဲ့ ငလျင်ကို ကြုံလိုက် ခံစားလိုက်ရပါသလား၊ ဘယ်လို စိုးရိမ်မှုတွေရော ရှိနေကြပါသလဲ၊ ဘီဘီစီကို အတွေ့အကြုံတွေ ဝေမျှပေးဖို့လည်း ဖိတ်ခေါ်ပါရစေ၊ burmese@bbc.co.uk ကို အီးမေးလ်ပို့ နိုင်သလို ၀၀ ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကိုလဲ ဖုံးဆက်ပြီး ပြောချင်တာတွေ အသံသွင်းထားခဲ့နိုင်ပါတယ်။