ပင်လယ်ထဲမျောတဲ့ ငါးဖမ်းသမား တချို့ကို ထပ်ကယ်

  • 24 မတ် 2011
fishermen ဓာတ်ပုံ မူပိုင် bbc
Image caption ငါးဖမ်း ရေလုပ်သားတွေကို ကော့သောင်းမြို့ဆီ ကယ်လာစဉ်

မုန်တိုင်းဒဏ်ကြောင့် ပြီးခဲ့တဲ့ သီတင်း တပတ်ကျော်က ပင်လယ်ထဲ မျောပါသွား ခဲ့တဲ့ ဧရာဝတီတိုင်းတွင်း ဝါးဖေါင်စီး ငါးဖမ်း ရေလုပ်သား ၇၀ကျော်ကို ရေတပ်နဲ့ ဖက်စပ် ငါးဖမ်းလှေတွေက မနေ့ညက ပြန်ကယ်ဆယ်ပြီး ကော့သောင်းမြို့ကို ပို့ခဲ့ပါတယ်။

သူတို့ကို လာမဲ့ ၂၇ရက်နေ့ကျရင် ကြယ်ငါးပွင့် သင်္ဘောနဲ့ နေရပ် ပြန်ပို့ပေးမှာ ဖြစ်ပေမဲ့ ဌာနေ ပြန်ရောက်ရင် အလုပ် လက်မဲ့ ဖြစ်တော့မယ်လို့ ဒေးဒရဲမြို့နယ်က ဒုက္ခသည် ရေလုပ်သား တဦးက ပြောပြပါတယ်။

ကော့သောင်းမြို့ခံတွေက အဝတ်အထည်၊ အစားအသောက်၊ ငွေကြေးကအစ ကူညီ ထောက်ပံ့ ပေးနေတယ်လို့လည်း ဆိုပါတယ်။

မနေ့ည အထိ ကော့သောင်းမြို့မှာ ရောက်နေတဲ့ ဒုက္ခသည်ပေါင်း ၃၀၈ဦး ရှိပြီး ဆေးရုံမှာ ၄ဦး ရှိတယ်လို့ သိရပါတယ်။

မတ်လ ၁၅ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ပင်လယ်ထဲ မျောပါသွား သူတွေထဲက ကိုးထောင်လောက်ကို ပြန်ကယ်ဆယ်လိုက်နိုင်ခဲ့ပြီး ငါးရာ လောက် ကိုတော့ အဆက်အသွယ် မရသေးဘူးလို့ ငါးလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဘီဘီစီကို ပြောပြပါတယ်။

ပင်လယ်ထဲ မျောပါသွားသူတွေကို တပ်မတော် စစ်ရေယာဉ်တွေ၊ ငါးဖမ်းသင်္ဘောတွေ၊ ကိုကိုးကျွန်းနဲ့ ဟိုင်းကြီးကျွန်းတို့လို ကမ်းလွန် ရေနံ အခြေစိုက် စခန်းတွေက ကယ်ဆယ် ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

ဧရာဝတီတိုင်းတွင်း ဖျာပုံ၊ ဒေးဒရဲ အပါအဝင် မြို့နယ်ပေါင်းစုံက ငါးဖမ်းဖေါင်ပေါင်း ထောင်နဲ့ချီ ပင်လယ်ဝ ထွက်ပြီး ငါးဖမ်းလေ့ ရှိပါတယ်။

ရေလုပ်သား အများစုဟာ ဝါးဖေါင်တွေနဲ့ အခြေချနေပြီး ငါးဖမ်းတာကြောင့် ပင်လယ်ထဲ မျောတဲ့ အချိန်မှာ တချို့က ဝါးဖေါင်နဲ့ အတူ ရှိနေပြီး ရေထဲ ပြုတ်ကျ သွားသူတွေ လည်း အများအပြား ရှိတယ်လို့ အသက်ဘေးက လွတ်လာသူတွေက ပြန်ပြောပြပါတယ်။

သက်ဆိုင်ရာက ကယ်ဆယ်ရေးတွေ ဆက်လုပ်နေပေမဲ့ နိုင်ငံတကာမှာလို အာဏာပိုင်တွေက ရဟတ်ယာဉ်နဲ့ လိုက်ရှာဖွေတာမျိုးတော့ မရှိဘူးလို့ ရေလုပ်သား အသိုင်းအဝိုင်း က ပြောပါတယ်။