ငလျင်ဒဏ်သေဆုံးမှု ရာကျော်

  • 25 မတ် 2011
တိုက်ပြိုကျပျက်စီးမှုများ ဓာတ်ပုံ မူပိုင် 1
Image caption တိုက်ပြိုကျပျက်စီးမှုများ

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနဲ့ တာချီလိတ်မြို့နယ်ကြားက လွယ်မွေဒေသကို ဗဟိုပြုပြီး မနေ့ည ၈ နာရီခွဲကျော်ကျော်လောက်မှာ ပြင်းအား ၆. ၈ ရစ်ချတ်တာစကေးရှိတဲ့မြေငလျင် လှုပ်ခတ်မှုဒဏ်ကြောင့် အနီးတဝိုက်က ဒေသခံ လူထုတွေ အယောက် ၁၀၀ထက်မနည်းသေဆုံးကြပြီး ဒဏ်ရာရကြတဲ့လူတွေကလဲ ၁၀၀ ကျော်၂၀၀ နီးပါးလောက် ရှိတယ်လို့ သိရပါတယ်။

များသောအားဖြင့်က တာချီလိတ်-ကျိုင်းတုံးကားလမ်းကြား၊ တာချီလိတ်မြို့နဲ့ဆိုရင် မြောက်ဘက် ၁၅ မိုင်လောက်အကွာအေဝေးက တာလေ၊ မိုင်းလင်းနဲ့ မိုင်းဖြတ်ဒေသတွေ ပိုပြီးထိခိုက်သေဆုံးသူများကြပါတယ်။ သီးခြားအတည်မပြုနိုင်သေးတဲ့ သတင်းအရဆိုရင် မိုင်းလင်းမှာ အနည်းဆုံး ၅၀ ကျော်၊ တာလေမှာ ၄၀ ကျော် ၅၀ နီးပါးနဲ့ မိုင်းဖြတ်မှာလဲ အယောက် ၃၀ ထက်မနည်းသေဆုံးကြတယ်လို့ သိရပါတယ်။

နောက်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့လူက ၂၀၀ နီးပါးလောက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီမှာ အဓိက သေကြတဲ့လူတွေကတော့ အိမ်တွေပြိုပြီး ပိမိလို့ သေကြတာလို့ပြောပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဒေသက အိမ်တွေဟာ ၂ ထပ်- ၃ ထပ်တိုက်အိမ်တွေဖြစ်ကြသလို တချို့အိမ်တွေက ရှေးဟောင်းအိမ်တွေဖြစ်ကြတယ်လို့ သိရပါတယ်။

တာလေဒေသကို ခေါက်ဆွဲထုပ်တွေ၊ ရေတွေ သွားရောက်အကူအညီပေးတဲ့ အဖွဲ့ထဲက တယောက်က သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေကိုပြောရာမှာ

"တိုက်အိမ်တွေ ၁၀ အိမ် ၉ အိမ်လောက်ပြိုကျတယ်။ တိုင်မမြဲလို့ထင်တယ်။ တာလေမှာ အယောက် ၄၀ လောက်သေတယ်ကြားတယ်။ တိတိကျကျတော့မသိဘူး၊ ဘာလို့လဲဆိုတော့ သူတို့တနေရာထဲမစုထားဘူး၊ နောက်ပြီးတော့ တချို့က ချက်ချင်းသင်္ဂြိုဟ်ကြသလို တချို့က ထုတ်လို့ မရသေးဘူး။ အာဏာပိုင်တွေကလဲ လုပ်တာမတွေ့ရသေးဘူး၊ စောင့်တော့သွား စောင့်တယ်လို့" ဘီဘီစီကို ပြောပြသွားတာပါ။

အိမ်တွေ ဆယ်နဲ့ ရာနဲချီပြီး ပြိုကျပျက်စီးကြသလို တာလေနဲ့ တာချီလိတ်ကြားက တံတားလဲ ကျွံကျပျက်စီးသွားလို့ ကားအသွားအလာလဲ ရပ်ဆိုင်းထားတယ်လို့ လို့ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေစတင်နေ

နောက်ပြီးတော့ တာလေမြို့နယ်ဆေးရုံလဲ ပျက်စီးသွားသလို အဲဒီက စစ်တန်းလျားလဲ ပြိုကျလို့ တပ်သားနဲ့ မိသားစုဝင်တွေ ဒဏ်ရာရကြတာရှိသလို တချို့လဲ သေဆုံးကျတယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့လူတွေကို မိုင်းဖြတ်ဆေးရုံနဲ့ တာချီလိတ်ဆေးရုံကို ပို့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption တာလမ်းများအကြီးအကျယ်ပျက်စီး

အလားတူပဲ တာချီလိတ်မှာဆိုရင်လဲ တာချီလိတ် အခြေစိုက် ခလရ ၅၂၆ က တပ်ကြပ်ကြီး ၁ ဦးနဲ့ သူ့သမီးလေး တယောက် သေဆုံးသွားပြီး၊ အဆောက်အဦးတွေ အိမ်တွေ ၁၀၀ နီးပါးလောက်ပျက်စီးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ဆိုးရွားရွားထိခိုက်ပျက်စီး တာတွေတော့မဟုတ်ဘူးလို့ သိရပါတယ်။ နောက်ပြီးတော့ လူတွေကလဲ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

အစိုးရ အသံလွှင့်ဌာနကနေပြီးတော့ ဒေသခံ ၇၅ ဦးသေ၊ ၁၂၅ ဦး ဒဏ်ရာရပြီး အိမ်အလုံး ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံးတို့ ပျက်စီး တယ်လို့ ကြေငြာသွားပါတယ်။

အခုအခါကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေ ပရဟိတလုပ်ငန်းတွေက ကယ်ဆယ်ရေး ပစ္စည်းတွေပို့ပေးနေသလို အစိုးရကယ်ဆယ်ရေးဌာနနဲ့ ကြက်ခြေနီတို့ ကလည်း ရှာဖွေရေး ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးလုပ်နေပြီလို့ ကုလသမဂ္ဂ သတင်းတာဝန်ခံက ဘီဘီကိုပြောသွားပါတယ်။

သြစတြေးလျရောက်ဘူမိဗေဒပညာရှင် ဒေါက်တာသန်းနိုင်က မြန်မာနိုင်ငံဟာ ငလျင် ပြတ်ရွေ့ကြောပေါ်မှာရှိပြီး အဓိကလမ်းကြောင်းပေါ်ကျတဲ့မြို့တွေကတော့ စစ်ကိုင်း မကွေး မန္တလေး ပျဉ်းမနား ပုဂံကနေအောက်ပိုင်း ရွှေကျင်မြို့တွေအထိရောက်ကြောင်း ပဲခူးလို အင်အားကြီမားတဲ့ ငလျင်မျိုး နှစ်ပေါင်း ၁၀၀ လောက်မှာ တခါပြန်ဖြစ်တတ် တာကြောင့် အချိန်မရွေး အင်အားကြီးငလျင်တွေလှုပ်နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။