ငလျင် ဒုက္ခသည်တွေကို ကူညီကယ်ဆယ်မှုတွေလုပ်နေ

shan_quake ဓာတ်ပုံ မူပိုင် bbc
Image caption ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှု အများအပြား ရှိခဲ့

ကြာသပတေးနေ့ညက ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်မှာ ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။

World Vision အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒေသတွင်း ညွန်ကြားရေးမှူး Chris Herink က World Vision အဖွဲ့ကြီးအနေနဲ့ ငလျင်ဒဏ် အပြင်းထန်ဆုံး ထိခိုက်ခဲ့တဲ့ တာလေနဲ့ မိုင်းလင်း ဒေသတွေမှာ မနေ့က စလို့ ရေ လီတာ ၁၅၀၀ ဖြန့်ဝေပေးနိုင်ခဲ့ပြီး လူပေါင်း ၁၃၀၀ကျော် အတွက် စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ဒီကနေ့မှာတော့ အရေးပေါ် ဆေးဝါးပစ္စည်းတွေ ဖြစ်တဲ့ အကြောဆေးသွင်း ကိရိယာတွေ၊ အသင့်သုံး ဆေးထိုးအပ်တွေ၊ ဆေးဝါးတွေ ဖြန့်နိုင်ခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။

World Vision အဖွဲ့ကြီးအနေနဲ့ ပြည်ထဲရေး ဌာန၊ ကျန်းမာရေး ဌာန၊ လူမှု ဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဌာနတို့လို အစိုးရ ရုံးဌာနတွေနဲ့ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်ပြီး ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ထုတ်ဖေါ် ပြောကြားခဲ့သလို အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh ကလည်း ငလျင် ဒုက္ခသည်တွေကို အကူအညီပေးဖို့ အဆင်သင့် ရှိတယ်လို့ ပြောပါတယ်။

တရုတ် အစိုးရကလည်း ငလျင် ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် ဒေါ်လာ ၅သိန်း အကူအညီ ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

ငလျင်ဒဏ်ကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက ကြေညာထားပေမဲ့ သေဆုံးသူ ၁၆၀ လောက် ရှိနိုင်တယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသူ စာရင်းအတိအကျကိုတော့ ခုချိန်ထိ အတည်မပြုနိုင်သေးပါဘူး။