ရှမ်းပြည်ငလျင်ဒဏ်ခံရသူတွေ အကူအညီ မလုံလောက်သေး

  • 28 မတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ငလျင်ဒဏ်ခံရသူတွေ အကူအညီ မလုံလောက်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက လှုပ်ခဲ့တဲ့ မြေငလျင်ဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်က တာလေ၊ မိုင်းလင်းဒေသတွေမှာ ငလျင်ဒဏ်ခံရသူတွေကို အစိုးရရဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ World Vision အပါအဝင် အစိုးရအဖွဲ့မဟုတ်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပုဂ္ဂလိကအလှုရှင်တွေက ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်နေပေမဲ့ အခုအချိန်ထိ အကူအညီတွေ လုံလုံလောက်လောက်မရရှိသေးဘူးလို့ သိရပါတယ်။

ငလျင်ဒဏ်ခံရသူတွေကို တာချီလိတ် ဒေသခံတွေ နီးစပ်ရာ ဆွေမျိုးသားချင်းတွေက မားမားခေါက်ဆွဲတို့၊ ရေတို့ စတဲ့ အဓိကစားသောက်စရာတွေ ကူညီပေးေနေကြသလို မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၊ UNICEF ၊ World Vision အဖွဲ့ တွေကလဲ ဒုက္ခသည်တွေအတွက် ရွက်ဖျင်တဲထိုးဖို့ တာပေါ်လင်စတွေ ၊ခြင်ထောင် ၊ ဖျာ၊ အိုးပန်ကန်၊ ခွက် စတာတွေကို ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တချို့ ဒုက္ခသည်တွေဟာ ဒီကနေ့ထိ အကူအညီ အထောက်အပံ့ မရရှိကြသေးဘူးလို့ ပြောကြပါတယ်။

အဲဒါကြောင့် အခုထိ ဒုက္ခသည်တော်တော်များများဟာ သူတို့အိမ်ရှေ့ လမ်းမပေါ်မှာလုပ်ထားတဲ့ ရွက်ဖျင်တဲတွေမှာပဲ မိုးဒဏ်လေဒဏ်နဲ့ အအေးဒဏ်တွေကို ခံနေကြရ တယ်လို့ တာလေ ဒေသခံတယောက်က ပြောပြပါတယ်။

အာဏာပိုင်တွေဆီ သွားတောင်းတော့လဲ အထက်က အမိန့်မရလို့ မပေးနိုင်သေးဘူး လို့ ပြောဆိုခဲ့တာကြောင့် ဘာမှ မရဘဲ လက်ဗလာနဲ့ ပြန်လာခဲ့ရကြောင်း ဒေသခံက ပြောပြပါတယ်။

အဓိကစားဖို့သောက်ဖို့ကိုတော့ တခြားဒေသက ဒေသခံတွေက ဆိုင်ကယ်နဲ့ ကားနဲ့ တချို့ဆိုရင်လဲ လမ်းလျောက်ပြီး ချိုင့်နဲ့ဖြစ်ဖြစ်၊ ပလပ်စတစ်ဗူးနဲ့ဖြစ်ဖြစ်လာပေးကြတယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်ခံရသူတွေ အလိုအပ်ဆုံးက အမိုးအကာ၊ အစားအသောက်နဲ့ သောက်သုံးရေ ဖြစ်ပြီး World Vision က သောက်သုံးရေ ရရှိရေးကို အဓိကထား ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အခုအခါ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းတွေကို ရန်ကုန်ကနေ လေယဉ်နဲ့ပေးပို့နေတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

တာလေတံတားနိမ့်ကျသွားခဲ့တာနဲ့ ကားလမ်း အက်ကွဲကြောင်းတချို့ ပြန်ပြင်ပြီးလို့ ကားလမ်းကနေ တာချီလိတ်ကတဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့နေတယ်လို့ ဆိုပါတယ်။