အစိုးရသစ် ဖွဲ့ဖို့ ပြင်တဲ့ လက္ခဏာ မြင်ရ

လွှတ်တော်တွင်းမှာ မြင်တွေ့ နေရတဲ့ အနေ အထားနဲ့ ပြင်ဆင်မှုတွေ အရ မကြာခင်မှာ အစိုးရသစ် ပေါ်ပေါက် လာတော့မယ့် လက္ခဏာတွေ တွေ့နေရ ပါတယ်။

ဓာတ်ပုံ မူပိုင်
Image caption သမ္မတ အဖြစ် ရွေးချယ် ခံထားရသူ ဦးသိန်းစိန် မကြာ ခင် ကျမ်းကျိန်ဖွယ် ရှိနေ

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အတွင်း ရေးမှူး ဟင်္သာတ မြို့နယ် အမတ် ဦးဌေးဦးက လွှတ်တော်မှာ လက်ရှိ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ အစိုးရကို ကျေးဇူးတင် နှုတ်ဆက် စကားပြောပြီး အစိုးရသစ်ကို ကြိုဆိုခဲ့ ပါတယ်။

ဒါ့အပြင် အင်္ဂါနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော် အမတ် လေးယောက် နုတ်ထွက်သွားပြီး ဗုဒ္ဓဟူးနေ့ အတွက် လည်း လွှတ်တော် အမတ်တွေ ဆွေးနွေး စရာ အစီ အစဉ် မရှိဘူးလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ နုတ်ထွက်သွားခဲ့ကြသူတွေကတော့ ဒေါက်တာ ဝင်းမြင့်၊ ဒေါက်တာ မြင့်အောင်၊ ဒေါက်တာ ကျော်ကျော်ဌေးနဲ့ ဦးခင်မောင်အေးတို့ ဖြစ်ကြတယ် လို့လည်း သူက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က စပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်နဲ့ ခရိုင် စတဲ့ ဒေသဆိုင်ရာ အေးချမ်း သာယာရေးရုံး တွေမှာ ဆိုင်းဘုတ်တွေ ဖြုတ်ပြီး အုပ်ချုပ်ရေးမှူးရုံး အဖြစ် ဆိုင်းဘုတ် တင်ပွဲ တွေပြုလုပ်ဖို့ ပြင်ဆင် နေတယ်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ ပဲခူးတိုင်း ဒေသကြီးက ဆိုင်းဘုတ်ကိုတော့ တနင်္လာနေ့ ကတည်းက ဖြုတ်ချပြီးခဲ့ပြီလို့ သူကပဲ ဆက်ပြောပါတယ်။

အဲဒီလို တွေ့မြင် နေရတဲ့ အနေ အထား တွေကို ကြည့်ပြီး ဗုဒ္ဓဟူးနေ့မှာ အစိုးရသစ် အပြောင်း လဲအတွက် သမ္မတ ဦးသိန်းစိန်က ကျမ်းသစ္စာ ကျိန် ဆိုပွဲ လုပ်နိုင်တယ်လို့ လွှတ်တော် အမတ်တွေက ကောက်ချက် ချကြတာ ဖြစ်ပါတယ်။

လွှတ်တော်တွင်းက အမတ် တချို့ကတော့ အစိုးရသစ် ပြောင်းသွားလည်း အဖွဲ့ဟောင်းထဲက လူတွေကို အစိုးရ အဖွဲ့ နာမည်သစ် တပ်ပေး လိုက်တာသာ ဖြစ်ပြီး ထူးထူး ခြားခြား ပြောင်းလဲ လာမယ်လို့ မျှော်လင့် မထားကြတာ တွေ့ရပါတယ်။

အစိုးရသစ် တက်လာတဲ့ အခါ လက်ရှိ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဘာဖြစ်သွားမယ် ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း မသိရသေး ပါဘူး။