မိုင်းလင်းမှာ ငလျင်အသေးလေးတွေ ထပ်လှုပ်

  • 29 မတ် 2011
Quake survivors ဓာတ်ပုံ မူပိုင် AFP
Image caption အကူအညီတွေက အပြည့်အဝ မရနိုင်သေး

ငလျင်ဒဏ်သင့်ခဲ့ရတဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေ၊ မိုင်းလင်းဒေသဘက်မှာ အင်္ဂါနေ့ မနက်ကလဲ ငလျင် အသေးလေးတွေ ထပ်လှုပ်နေသေးလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

တနင်္လာနေ့ ညနေ ၈ နာရီကနေ အင်္ဂါနေ့ မနက် ၃ နာရီခွဲကျော်ကျော်လောက်အထိ နောက်ဆက်တွဲ ငလျင်အသေးစားတွေ ၃- ၄ ခါလောက် ထပ်လှုပ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်ကလို ကြီးကြီးမားမား လှုပ်တာမဟုတ်ပေမဲ့ မနက် ၃ နာရီခွဲအချိန်လောက် လှုပ်တဲ့ ငလျင်ကတော့ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေ အသံမြည်တဲ့ အထိ တော်တော်လေးကို လှုပ်တယ်လို့ တာလေက ဒေသခံတွေက ပြောကြပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေက ငလျင်ကြီး ထပ်ဖြစ်မှာကို အလွန်အမင်း စိုးရိမ်နေကြတယ်လို့ ပြောကြပါတယ်။

အဲဒီဒေသမှာ တချို့နေရာက မိုးအုံ့ပြီး တချို့နေရာတွေမှာ မိုးဖွဲဖွဲလေးတွေ ရွာနေတာကြောင့် ဒုက္ခသည်တွေအထဲက တာပေါ်လင်မိုးကာ မရှိကြသေးတဲ့လူတွေက မုန်တိုင်းတွေတိုက်မှာ၊ မိုးတွေ သဲကြီးမဲကြီး ရွာချမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အင်္ဂါနေ့မှာတော့ အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေက ရွက်ဖျင်တဲအိမ်တွေ၊ အိုးခွက်ပန်းကန်၊ စောင်၊ ထမိန်တွေ၊ လုံချည်တွေ နောက်ပြီးတော့ ခြုံပဝါတွေ လာပေးကြပြီလို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လူအင်အား စက်အင်အား မရှိလို့ အပျက်အစီးတွေ လည်း မရှင်းနိုင်

ဒါပေမဲ့ ပစ္စည်းတွေက လောက်လောက်ငင မရှိလို့ အကန့်အသတ်နဲ့ ပေးနေရတုန်းလို့ ဆိုပါတယ်။ ဒါကြောင့် တချို့ ပျက်စီးဆုံးရှုံးမှု သိပ်မများကြတဲ့ လူတွေတော့ လာမယူကြဘူးလို့ တာလေက ဒုက္ခသည်အမျိုးသမီးတဦးက ပြောပါတယ်။

အာဏာပိုင်က အဲဒီစ္စည်းတွေကို ခဏပဲ ပေးဌားတယ်။ ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေထိုင်နိုင်ကြပြီဆိုရင် အဲဒီပစ္စည်းတွေ ပြန်ပေးရမယ်လို့ ပြောနေတဲ့ အကြောင်းလဲ ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။

ထိုင်းနဲ့ တရုတ်က အဖွဲ့အစည်းတွေကလည်း အကူအညီတွေ လာပေးနေကြပြီဆိုပေမဲ့ ဒုက္ခသည်တွေက ရာနဲ့ချီပြီးရှိသလို ပြန့်ပြီးရှိနေတာကြောင့် အကူအညီတွေက နေရာတိုင်းကို မရောက်သေးဘူးလို့ သိရပါတယ်။

နောက်ပြီးတော့ ပျက်စီးယိုယွင်းသွားတဲ့ အဆောက်အဦးတွေ အောက်က လူသေအလောင်းတွေကိုလဲ အာဏာပိုင်ရဲ့ ကယ်ဆယ်ရေးဘက်က လူအင်အားနည်းလို့ အခုအထိ သေဆုံးသူစာရင်း တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

အခုချိန်ထိ အပျက်အစီးတွေကိုလည်း ရှင်းလင်းလို့မပြီးသေးဘူးလို့ သိရပါတယ်။