အစိုးရသစ်ကို အာဏာလွှဲအပ် လိုက်ပြီ

  • 30 မတ် 2011
ဓာတ်ပုံ မူပိုင် AFP photo HO MRTV
Image caption အစိုးရသစ် ကျမ်းသစ္စာဆို

မတ်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတသစ် ဦးသိန်းစိန် ကျမ်းကျိန် သစ္စာဆို လိုက် ပါတယ်။

နအဖ စစ်ကောင်စီကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်နဲ့ လက်မှတ်ရေးထိုးပြီး နအဖ စစ်ကောင်စီ ဖျက်သိမ်းကြောင်းနဲ့ အစိုးရသစ်ကို အာဏာလွှဲအပ်ကြောင်း ကြေငြာပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ပြီးကြောင်း လွှတ်တော် အမတ်များ မသိ

ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကိုခန့်ထားပြီး၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ် စိုးဝင်းကို ခန့်ထားလိုက်တဲ့ အကြောင်းကိုတော့ လွှတ်တော်မှာ တရားဝင် မကြေငြာဘဲ လွှတ်တော် အစည်းအဝေးပြီးတဲ့ အချိန်ကျမှ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ပြန်လည် ထွက်ခွာပါပြီလို့ ကြေငြာမှသာ သူတို့ ဘယ်သူတွေလဲ ဆိုတာကို သိတဲ့ လူတွေ အနား ကပ်ပြီး မေးကြည့်ခဲ့ရ တယ်လို့ လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption ကာကွယ်ရေး ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

ဝန်ကြီး အဖြစ် ခန့်အပ်ခံရသူတွေနဲ့ သူတို့ကို လွှဲအပ် တာဝန်ပေးထားတဲ့ ၀န်ကြီးဌာနတွေ ပူးတွဲဖော်ပြထားတဲ့ စာရင်းကိုလည်း ပေးအပ်ခဲ့တယ်လို့ ဦးဖုန်းမြင့်အောင်က ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီး အဖြစ် ဗိုလ်ချုပ် လှမင်း၊ ပြည်ထဲရေး ဝန်ကြီး အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ နယ်စပ် ရေးရာ ဝန်ကြီး ဌာနနဲ့ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဌာန ဝန်ကြီး အဖြစ် ဗိုလ်ချုပ် သိန်းဌေး၊ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဦးဝဏ္ဏမောင်လွင်ကို ခန့်ထားခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ဝန်ကြီး အများစုဟာ စစ်ဗိုလ် လူထွက်တွေဖြစ်ကြပါတယ်။

ဒါ့ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ရွေးကောက်ပွဲ ကျင်းပပြီး ဖွဲ့စည်းခဲ့တဲ့ အရပ်သား အစိုးရဟာ စစ်ဗိုလ်လူထွက်တွေရဲ့ ဘောင်းဘီချွတ် အရပ်သား အစိုးရ ဖြစ်နေပါတယ်။

အခြေခံ ဥပဒေကို ချိုးဖောက် ခဲ့သလား

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်ကို အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက ခန့်အပ်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ပြီးချိန်မှာ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီကို ဖွဲ့စည်းပြီးစီး ကြောင်း တိုင်းပြည်ကို အသိပေး ကြေငြာ တာမျိုး မရှိသေးပါဘူး။

ဒါ့ကြောင့် ကာကွယ်ရေး ဦးစီးချုပ် အသစ်ကို ဘယ်သူက ခန့်အပ် လိုက်တယ် ဆိုတာ မရှင်းလင်း ပါဘူး။ အတည်ပြုပြီး ဖြစ်တဲ့ အခြေခံ ဥပဒေကို ကျော်လွန် ဆောင်ရွက်ခဲ့ သလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာ ပါတယ်။

ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ် ရေးရာ ဝန်ကြီး တို့ကိုလည်း အခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထား ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ ကာကွယ်ရေး ဦးစီးချုပ် အသစ် ပေါ်ထွက် လာတာနဲ့ အတူ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ် ရေးရာ ဝန်ကြီး တို့လည်း တပါတည်း ပေါ်ထွက် လာတာ တွေ့ရတဲ့ အတွက် ကာကွယ်ရေး ဦးစီးချုပ် အသစ် က ဒီနေ့ ကာကွယ် ရေး ဦးစီးချုပ် ဖြစ်ဖြစ်ချင်း မှာပဲ ကျန်တဲ့ ဝန်ကြီးတွေကို ချက်ချင်း ခန့်အပ် လိုက်သလား အရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ ခန့်အပ်လိုက်တာလား ဆိုတာ မရှင်းလင်း ပါဘူး။

တကယ့် အာဏာ ဘယ်မှာ ရှိသလဲ

အခုလို လုပ်ပိုင်ခွင့် မရှင်းလင်းတဲ့ အချက်တွေကို ကြည့်ရင် တကယ့် နိုင်ငံရေး အာဏာဟာ ဘယ်သူ့ဆီမှာ ရှိသလဲ ဆိုတာ စဉ်းစားတွေးတော စရာ ဖြစ်လာ ပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့တွေကို ထိန်းချုပ် အမိန့်ပေးခွင့် ရှိသလို အချိန်မရွေး အာဏာသိမ်းခွင့် ရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ်က တကယ့် အာဏာကို ချုပ်ကိုင် ထားသလား။

Image caption နောက်ကွယ်မှာ သူချုပ်ကိုင်ထားသလား

ကာကွယ်ရေး ဦးစီးချုပ်ထက် စစ်ဘက် ဆိုင်ရာ ဝါပိုရင့်ပြီး အရပ်ဘက် ဝန်ကြီး ဌာနတွေကို စီမံခန့်ခွဲခွင့် ရတဲ့ သမ္မတ ကသာ ပိုပြီး အာဏာ ရှိသလား။

သူတို့ နှစ်ယောက် စလုံးရဲ့ နောက်ကွယ်မှာ အာဏာကို ချုပ်ကိုင်ထားသူ ရှိနေသေး ပါသလား။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေး သုတေသန ဌာန NDD ရဲ့ သုတေ သနမှူး ဦးဌေးအောင်ကို ကတော့ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆက်လက် အာဏာ ချုပ်ကိုင်ထားတဲ့ အတွက်သာ အခုလို မရှင်းလင်းတဲ့ ရှေ့နောက် မညီညွတ်တဲ့ ဖြစ်စဉ်တွေကို မြင်တွေ့ နေရတာ ဖြစ်နိုင်တယ်လို့ သုံးသပ် ပါတယ်။

ဒုတိယ ဝန်ကြီး အဖြစ် ဘယ်သူ တွေကို ခန့်အပ် လိုက်သလဲ ဆိုတာ ကိုတော့ သူတို့ လွှတ်တော် အမတ်တွေ မသိကြဘူးလို့ ဆိုပါတယ်။

ဘီဘီစီက ရတဲ့ ဒုတိယ ဝန်ကြီးတွေ စာရင်းထဲမှာတော့ အမျိုးသမီး ဒုတိယ ဝန်ကြီး နှစ်ယောက် ပါဝင်လာတာ တွေ့ရပါတယ်။