မြန်မာ ဒုက္ခသည်တွေ အရေး သံအမတ်ကြီး ဆွေးနွေး

  • 30 မတ် 2011

ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ်စတီ ကင်န်နီ (Kristie A Kenney) နဲ့ အဖွဲ့ဟာ ဗုဒ္ဒဟူးနေ့ မနက်က ဘန်ကောက်မြို့ကနေ မဲဆောက် ကို လာရောက်ပြီး ထိုင်း မြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ မယ်တော်ဆေးခန်းကို သွားရောက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သံအမတ်ကြီးက မယ်တော် ဆေးခန်းကို သွား ကြည့်ပြီး တာဝန်ခံ တွေနဲ့ ဆွေးနွေးခဲ့

မယ်တော် ဆေးခန်းကို စတင် ထူထောင်သူ ဒေါက်တာ စင်သီယာမောင်နဲ့ အဖွဲ့ကို သီး သန့်တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ဘဝ လုံခြုံမှု မရှိကြတဲ့ နယ်စပ်က မြန်မာနိုင်ငံသားတွေ ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေ ကြသူ တွေနဲ့ ဒုက္ခသည် စခန်းတွေ အတွက် အလုပ် လုပ်ပေးနေ ကြသူတွေကို တွေ့ဆုံဖို့ သံ အမတ်ကြီး လာရောက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံက လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီငွေ အဖြစ် တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၄၂ သန်းလောက် ထောက်ပံ့ ပေးထားတဲ့ အ ကူအညီ တွေကို ဘယ်လောက် အထိ အကျိုးရှိရှိ သုံးစွဲ နေသလဲ ဆိုတာ ကိုလာကြည့်တာလို့ သံအမတ်ကြီးက ပြော ပါတယ်။

သံအမတ်ကြီးနဲ့ ကိုယ်တိုင် ဆွေးနွေးခဲ့သူ ဒေါက်တာ စင်သီယာမောင်က တော့ အမေရိကန်က ကူညီနေတဲ့ USAIDS နဲ့ ပတ်သက်တဲ့ ကူညီ ပံ့ပိုးမှုတွေ က နယ်စပ်မှာ ဘယ်လောက် လိုအပ်နေတယ် ဆိုတာ အပေါ် အခြေခံပြီး ကျန်းမာရေး၊ ပညာရေး ကိစ္စတွေကို လာ ရောက် လေ့လာ တာလို့ ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ပြီးတဲ့ နောက်ပိုင်းမှာ လူထု တွေရဲ့တည်ငြိမ်မှု အခြေအနေ ဘယ်လို ရှိနေတယ် ဆိုတာကိုလည်း ကိုယ်တိုင် လာရောက် ဆန်းစစ်တဲ့ သဘောလို့ ပြော ပါတယ်။

နယ်စပ် ဒေသ လုံခြုံမှု၊ ဒုက္ခသည် တွေနဲ့ ရွှေ့ပြောင်း လူထုတွေရဲ့ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေဟာ ပြည်တွင်းမှာ စိတ်ချရတဲ့ အခြေအနေ ရှိမရှိ ဆိုတာ အပြင် သူတို့ ဌာနေ ပြန်နိုင်ဖို့ အခြေအနေ ဘယ်လို ရှိသလဲဆိုတာ သံအမတ်ကြီးနဲ့ ဆွေးနွေး ခဲ့ကြတယ်လို့ လည်း ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

အမေရိကန်သံအမတ်ကြီးနဲ့ အဖွဲ့ဟာ SAW လို့ ခေါ်တဲ့ အမျိုးသမီးများအတွက် လူမှုစောင့် ရှောက်ရေး ဂေဟာနဲ့ မယ်လ ဒုက္ခသည် စခန်း တို့ကိုလည်း သွားခဲ့ပါ တယ်။

သံအမတ်ကြီး ခရစ်စတီက အခုနှစ် ဇန္နဝါရီလက စတင်ပြီး ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ထိုင်းနိုင်ငံကို ပြောင်းရွှေ့ လာသူ ဖြစ်ပါတယ်။