အစိုးရသစ်အပေါ် တုန့်ပြန်မှု အမျိုးမျိုးထွက်

  • 31 မတ် 2011
Thein Sein ဓာတ်ပုံ မူပိုင် Reuters
Image caption ခိုင်မာတဲ့ အစိုးရသစ် ဖြစ်လာအောင် ဆောင်ရွက်မယ် လို့ ဝန်ကြီးချုပ် ပြော

စစ်အစိုးရ လက်ထဲကနေ အာဏာ လွှဲယူ လိုက်တဲ့ အရပ်သား အစိုးရသစ်ဟာ လူဟောင်းတွေနဲ့ပဲ ပြန်ဖွဲ့စည်း ထားတဲ့ အတွက် မျှော်လင့်ချက် သိပ်မထားဘူးလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် က ပြောပါတယ်။

ဒါပေမဲ့လည်း နဂိုက စစ်အစိုးရ စစ်စစ်နဲ့တောင် တွေ့ဆုံ ဆွေးနွေးဖို့ အနှစ် ၂၀ကျော် ကမ်းလှမ်း လာခဲ့သေးတာမို့ အခု ဒီမိုကရေစီ အစိုးရလိုလို၊ အရပ်သား အစိုးရလိုလို အယောင်ဆောင် သဘော သက်ရောက်နေတဲ့ ဒီအစိုးရသစ်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ NLD အနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံနိုင်သူတွေ၊ အဖွဲ့အစည်းတွေ အနေနဲ့ ဥပဒေ ဘောင်ထဲကနေ ဒီဖွဲ့စည်းပုံတွေကို ပြင်ဆင်နိုင်အောင် ကြိုးစားကြဖို့ သမ္မတ ဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ ပြောသွားတာဟာ NLDနဲ့ ဆိုင်မယ်လို့ မယူဆကြောင်း၊ အခြေခံဥပဒေကို အမျိုးသား ညီလာခံမှာကတည်းက လက်မခံခဲ့တဲ့ NLDအနေနဲ့ လူထုဆန္ဒ ခံယူပွဲမှာ ဝင်မပါခဲ့သလို ရွေးကောက်ပွဲကိုလည်း လက်မခံခဲ့ကြောင်း၊ အခု အစိုးရသစ် အနေနဲ့လည်း ပြင်ပက လူတွေရဲ့ တင်ပြချက်ကို ထည့်သွင်း စဉ်းစားမဲ့ ပုံမျိုး မတွေ့ရကြောင်း ဦးဝင်းတင်က ပြောပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်းက စီးပွားရေး သမားတွေကတော့ အခု အစိုးရသစ်ကို ကြိုဆိုလိုက်ပါတယ်။

အထူးသဖြင့် ကုန်သည် အသိုင်း အဝိုင်းကလူတွေ ဖြစ်တဲ့ ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးဝင်းမြင့်နဲ့ အသင်းဝင် ဒေါက်တာ ပွင့်ဆန်းတို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ ဖြစ်လာတဲ့အတွက် နိုင်ငံတော် စီးပွားရေး ပိုမို တိုးတက်အောင် လုပ်နိုင်မယ်လို့ စီးပွားရေးသမားတွေက ယူဆနေကြပါတယ်။

ကုန်သည် ကိစ္စကို နားလည်တဲ့ ကုန်သည်တွေဟာ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ နိုင်ငံ့ စီးပွားရေး ကိစ္စရပ်တွေကို ပိုပြီး နီးနီးစပ်စပ် အကောင် အထည် ဖေါ်နိုင်မယ်လို့ ယူဆမိကြောင်း စီးပွားရေး ပိတ်ဆို့မှုဒဏ်ကို တိုက်ရိုက် ခံခဲ့ရတဲ့ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုးက ဘီဘီစီကို ပြောပါတယ်။