ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ ရဲ့ အခန်းကဏ္ဍ

  • 1 ဧပြီ 2011

မတ်လ ၃၀ ရက်နေ့က နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက အရပ်သား အစိုးရသစ် ပြည်ထောင်စု အစိုးရကို အာဏာ လွှဲပြောင်း ပေးခဲ့ပြီး လွှတ်တော် ကော်မီတီ အသီးသီး ဖွဲ့စည်း ခဲ့ကြပြီ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ ထည့်သွင်း ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေ အရ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ အဖွဲ့လည်း ပေါ်ပေါက်လာခဲ့ပါပြီ။

ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတများ

အဲဒီ အဖွဲ့ထဲမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတတွေ ဖြစ်ကြတဲ့ သီဟသူရ ဦးတင်အောင် မြင့်ဦးနဲ့ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ နယ်စပ် ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး တို့ ပါဝင်ကြပါတယ်။

အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ ဟာ နိုင်ငံတော် သမ္မတရဲ့ ထောက်ခံချက်နဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပိုင်ခွင့် ရှိပြီး အရေးပေါ် ကာလတွေမှာ အရေးပေါ် အခြေ အနေ ကြေညာ နိုင်ခွင့် ရှိတာ ကြောင့် သူ့ရဲ့ အခန်း ကဏ္ဍက အလွန် အရေးကြီးတယ်လို့ သင်္ကန်းကျွန်း မြို့နယ် က ရွေးကောက်ခံ အမတ် ဦးသိန်းညွန့်က ပြောပါတယ်။

အကြောင်းကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၀ မှာ ပြဌာန်းထားချက် အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဒေသကြီး သို့မဟုတ် ပြည်ထောင်စု နယ်မြေ တစ်ခုခုမှာ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်း တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက် နိုင်စွမ်း မရှိဘူး ဆိုရင် နိုင်ငံတော် သမ္မတက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ နဲ့ ညှိနှိုင်း တိုင်ပင်ပြီး ဥပဒေကဲ့သို့ အာဏာ တည်တဲ့ အမိန့်တွေ ထုတ်ပြန်ပြီး အရေးပေါ် အခြေ အနေကို ကြေညာ နိုင်လို့ ဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ပြည်နယ် ဝန်ကြီး အဖွဲ့လုပ်ငန်းတွေ စတင်

ဧပြီလ ၁ ရက်နေ့ အစိုးရ ဘတ်ဂျက်နှစ် ရဲ့ အစမှာ ပြည်ထောင်စု အဆင့်နဲ့ ပြည်နယ် တိုင်း အစိုးရ သစ်တွေ စတင် ရုံးတက် နေကြပါပြီ။

ကရင်ပြည်နယ် မှာ ဝန်ကြီးများ အဖွဲ့ အစည်း အဝေးတွေကို တစ်ပတ် တစ်ကြိမ် ဗုဒ္ဓဟူး နေ့တိုင်း ပြုလုပ် ဆွေးနွေးသွားဖို့ အစီအစဉ် ရှိတယ်လို့ ဖလုံ စဝေါ် ပါတီက ပြည်နယ် ပို့ဆောင်ရေးနဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်က ပြောပါတယ်။

သူတို့ ပါတီက လွှတ်တော်မှာ တင်ပြထားတဲ့ အတိုင်း ကရင် လက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဖို့ကိုလည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

သူတို့ ပါတီဟာ အစိုးရကို အတိုက် အခံ လုပ်ဖို့ ဖွဲ့စည်း ထားတာ မဟုတ်တဲ့ အတွက် ကောင်းတာ လုပ်တဲ့ အပိုင်းမှာ အစိုးရနဲ့ လက်တွဲ ဆောင်ရွက် သွားမယ်လို့ လည်း သူက ဆက်ပြောပါတယ်။