တရုတ်ခေါင်းဆောင် မြန်မာအစိုးရသစ်နဲ့ တွေ့မည်

  • 2 ဧပြီ 2011

တရုတ်အစိုးရတွင်းမှာ နံပါတ် ၄ အဆင့်ရှိတဲ့ မစ္စတာ ကျားချင်လင်း မြန်မာနိုင်ငံကို စနေနေ့မှာ ရောက်လာတော့မှာပါ။

ဓာတ်ပုံ မူပိုင် china.org
Image caption မစ္စတာ ကျားချင်လင်းဟာ သြဇာကြီးတဲ့ ခေါင်းဆောင် တစ်ယောက် (Photo:China.org)

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ CPPCC အမျိုးသားကော်မတီ ဥက္ကဌဖြစ်တဲ့ မစ္စတာ ကျားချင်လင်းဟာ ပြည့်သူ့လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွေမန်းရဲ့ ဖိတ်ကြားချက်အရ လာရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ နောက် ဦးရွှေမန်း၊ ဦးတင်အောင်မြင့်ဦးတို့နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာ ဘယ်လို ပူးပေါင်း လုပ်ဆောင်သွား မယ် ဆိုတာ ဆွေးနွေးဖို့ ရှိသလို နှစ်နိုင်ငံ သဘောတူ စာချုပ်တွေလည်း ချုပ်ဆိုဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် လီ ဂျွန်ဟွာကို ကိုးကားပြီး ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ထူးခြားတာကတော့ မစ္စတာ ကျားချင်လင်းဟာ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီး ၃ ရက် အကြာမှာ ပထမဆုံးရောက်လာတဲ့ အဆင့်မြင့် နိုင်ငံခြား ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်က နှစ်နိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီ တရုတ်ဌာန အယ်ဒီတာ ရှီရွန်ချန်းက အခုလို သုံးသပ်ပါတယ်။

"တရုတ်ဟာ မြန်မာနိုင်ငံကို အရေးကြီးတဲ့ နိုင်ငံတစ်ခုအဖြစ် သဘော ထားပါတယ်။ ပထမတစ်ချက်ကတော့ နှစ်နိုင်ငံ နယ်စပ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်ဖြစ်နေတော့ မြန်မာနိုင်ငံမှာ ပြဿနာမဖြစ်စေချင်ပါဘူး။ နောက် တစ်ချက်ကတော့ မြန်မာနိုင်ငံမှာ တရုတ်ရဲ့စီးပွားရေးအကျိုးအမြတ်တွေ ရှိနေပါတယ်။ တရုတ်ဟာ မြန်မာ နိုင်ငံက စွမ်းအင်လုပ်ငန်းလို သဘာဝ သယံဇာတလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံထားပါတယ်။ ဒီဆက်နွယ်မှု တွေကြောင့် အခုလို အစိုးရသစ်တက်လာလာချင်းမှာ တရုတ်ဟာ ဒီအစိုးရကို အတည်ပြု ထောက်ခံတဲ့ သဘောနဲ့ လာတာလို့ ယူဆရပါတယ်"

ဓာတ်ပုံ မူပိုင် AP
Image caption ရန်ကုန်ဆိပ်ကမ်းမှာ တွေ့ရတဲ့ တရုတ် ကုန်သင်္ဘော တွေ

တကယ်တော့ မြန်မာနိုင်ငံအတွက်လည်း တရုတ်က အရေးပါနေပါတယ်။ စီးပွားရေးပိုင်းမှာ တရုတ်ကို အားထားနေရသလို နိုင်ငံတကာက အထူး သဖြင့် အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူထားတဲ့ နိုင်ငံတစ်ခုအတွက် အခုလို အစိုးရသစ် တက်လာတဲ့အချိန်မှာ အနည်းဆုံး အခုလို အိမ်နီးချင်း နိုင်ငံဆီက အသိအမှတ်ပြု ထောက်ခံမှုရဖို့က အရေးကြီးပါတယ်။ ဒီလို ထောက်ခံမှုနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းနေပါပြီဆိုပြီး နိုင်ငံတကာကို ပြသစရာတစ်ခုအဖြစ် ယူနိုင်ပါတယ်။

ဒါပေမယ့် တစ်ဘက်မှာလည်း တရုတ်ကတော့ စီးပွားရေးတိုးချဲ့ ဆက်ဆံဖို့ အပြင် အပြင် ဒေသတွင်းအရေးတွေမှာလည်း စဉ်းစားချက်တွေ ရှိနေတယ်လို့ ရှီရွန်ချန်းက သုံးသပ်ပါတယ်။ ဥပမာ အာဆီယံ ဒါမှမဟုတ် အရှေ့အာရှတို့နဲ့ ဆက်သွယ်နိုင်တဲ့ ရထားလမ်းကြောင်းတွေ မြန်မာနိုင်ငံကတဆင့် ဖောက်လုပ် မယ့် အစီအစဉ်မျိုး လုပ်ချင်တယ်။ နောက်တခါ အိန္ဒိယက မြန်မာနိုင်ငံထဲ ထိုးဖောက် ဝင်ရောက်လာမှာကို သြဇာလွှမ်းမိုးမှု အပြိုင်ဖြစ်အောင် လုပ်ဖို့ရည်ရွယ်ချက်ရှိပုံရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း မြန်မာအစိုးရဟာ တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုအများဆုံး နိုင်ငံတစ်ခုဖြစ်သလို မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီး မြှပ်နှံထားတဲ့၊ ဒေါ်လာ သန်း ၁၂၀၀၀ ကျော် ရင်းနှီးမြှပ်နှံထားတဲ့ နိုင်ငံဖြစ် ပါတယ်။ နောက်ပြီး နိုင်ငံခြားကုန်သွယ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုက ပြီးခဲ့တဲ့နှစ်က ဒေါ်လာ သန်း ၄၅၀၀ နီးပါး ရှိတယ်လို့ တရုတ်အစိုးရ စာရင်းတွေအရ သိရပါတယ်။