အမေရိကန်အထူးအရာရှိ မြန်မာ့အရေးခန့်ဖို့ရှိ

  • 3 ဧပြီ 2011
sanction ဓာတ်ပုံ မူပိုင် bbc
Image caption ပိတ်ဆို့မှု ဖယ်ရှားရေး အမေရိကန်နဲ့ ဆွေးနွေးရေး

မြန်မာနိုင်ငံဆိုင်ရာ အထူးမူဝါဒ ညှိနှိုင်းရေး အတွက် အမေရိကန်အစိုးရ က ၂ဝဝ၈ ခု နှစ် ကထဲက အထူးအရာရှိ ခန့်အပ်ရေး ရာထားချက် ကို အကောင်အထည် ဖေါ်ဖို့ ရှိနေပါပြီ။ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု ဉပဒေ ရဲ့ လိုအပ်ချက် ရာထူးတာဝန်လဲ ဖြစ်ပါတယ်။

ဒီရာထူးအတွက် ခန့်အပ်ဖွယ် ရှိတယ်လို့ သတင်းထွက်နေသူ ကတော့ ဒဲရက်မီချယ် ဖြစ်ကြောင်း၊ သူဟာ နိုင်ငံရေး အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သလို မြန်မာ့ဒီမိုကရေစီရေး ထောက်ခံ အားပေးသူ ဖြစ်ကြောင်း US Campaign for Burma မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်က ဘီဘီစီ ကိုပြောပါတယ်။ အထူးအရာရှိ ရဲ့ အမည်ကိုလဲ မကြာခင်ရက်ပိုင်းမှာ သမ္မတ အိုဘားမား က တရားဝင် ထုတ်ပြန်ဖို့ ရှိပါတယ်။

ဒဲရက်မီချယ် ဟာ လက်ရှိ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန မှာ အာရှတိုက်ဆိုင်ရာ ဒုတိယ လက်ထောက် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

မြန်မာအစိုးရသစ် အနေနဲ့ အမေရိကန် အထူးအရာရှိ ကို လက်ခံဆွေးနွေးမှု ရှိမှသာ၊ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု တွေ ဖယ်ရှားရေးမှာ အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးမှသာ တိုးတက်မှု ရှိနိုင်ပုံကို ဦးအောင်ဒင်က ရှင်းပြပါတယ်။