အစိုးရသစ်ကို အသိအမှတ် မပြုကြောင်း FDB ကြေညာ

  • 2 ဧပြီ 2011
FDB
Image caption အစိုးရသစ်ကို FDB အသိအမှတ် မပြု

မြန်မာနိုင်ငံမှာ အသစ် ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်နဲ့ ပတ်သက်လို့ တုန့်ပြန်သံတွေ အမျိုးမျိုး ထွက်ပေါ်လာနေရာမှာ ပြည်ပ နိုင်ငံရေး တပ်ပေါင်းစု တခုဖြစ်တဲ့ မြန်မာ နိုင်ငံ ဒီမို ကရက်တစ် အင်အားစု ( Forum for Democracy in Burma ) က အစိုးရသစ် ကို လက်မခံ ဆန့်ကျင်ကြောင်း သဘောထား ကြေညာချက် တစောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အခု အသစ် ဖွဲ့လိုက်တဲ့ အစိုးရသစ်ဟာ အရပ်သား အစိုးရလို့ ပြောနေပေမဲ့ သမ္မတ၊ ဒုတိယ သမ္မတနဲ့ လွှတ်တော်အားလုံးရဲ့ ထိပ်ပိုင်း နေရာတွေကို စစ်အုပ်စု စိတ်တိုင်းကျ ချယ်လှယ် ထားရုံသာ မက ဝန်ကြီးဌာန ၃၄ခုအတွက် ဝန်ကြီး ၃၀ဦး ရွေးချယ်ရာမှာ အရပ်သားဆိုလို့ ၄ဦးသာ ပါဝင်နေတာဟာ စစ်အာဏာကို ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်ဆောင် နေတယ် ဆိုတာ ပေါ်လွင်နေတယ်လို့ FDB ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

FDB အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေကို လုံးဝ လက်မခံဘူးဆိုတဲ့ သဘောထား ကြေညာချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ် လို့ ဆိုပါတယ်။

ကိုယ့်ကိုယ်ကျိုး စီးပွားအတွက် အခု အစိုးရသစ်နဲ့ ဆက်ဆံသူတွေ ရှိကောင်း ရှိမှာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရေးမှာ အစိုးရသစ်အနေနဲ့ ဦးစီး ဆောင်ရွက်မဲ့ ပုံမျိုး၊ ပူးပေါင်း ဆောင်ရွက်မဲ့ပုံမျိုး မတွေ့ရတဲ့ အတွက် သူတို့ကတော့ အစိုးရသစ်ကို အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့ FDB က ပြောပါတယ်။

စစ်အစိုးရ လက်ထဲကနေ အာဏာ လွှဲယူ လိုက်တဲ့ အရပ်သား အစိုးရသစ်ဟာ လူဟောင်းတွေ နဲ့ပဲ ပြန်ဖွဲ့စည်း ထားတဲ့ အတွက် မျှော်လင့်ချက် သိပ်မထားဘူးလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ကလည်း ဘီဘီစီကို ပြောပါတယ်။