လွှတ်တော်အမတ်တွေက အဆိုတွေ ထပ်တင်ဖို့ ရှိ

U Thein Nyunt ဓာတ်ပုံ မူပိုင် bbc
Image caption သင်္ဃန်းကျွန်း မြို့နယ် လွှတ်တော် အမတ် ဦးသိန်းညွန့်

မြန်မာနိုင်ငံမှာ အစိုးရသစ် ဖွဲ့စည်းအပြီး ပြည်ထောင်စု လွှတ်တော်ကို ရပ်နား လိုက်ပေမဲ့ နောက်ထပ် အဆိုတွေကို ဆက်လက် တင်သွင်းသွားမယ်လို့ သင်္ဃန်းကျွန်း မြို့နယ် လွှတ်တော် အမတ် ဦးသိန်းညွန့်က ဘီဘီစီကို ပြောပါတယ်။

၁၉၀၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ကျေးရွာ အက်ဥပဒေ၊ မြို့ပြ အက်ဥပဒေတွေကို ပြန်လည် ပြင်ဆင် ပြဌာန်းပေးဖို့ အဆိုတင်သွင်းမယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ကျေးရွာ အုပ်ချုပ်ရေး၊ ရပ်ကွက် အုပ်ချုပ်ရေး တွေကို ခန့်တဲ့အခါ ဒီဥပဒေတွေကို အခြေခံတာ ဖြစ်ပြီး ဒီဥပဒေတွေဟာ ခေတ်နဲ့ လည်း မညီ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံနဲ့လည်း မကိုက်ညီတဲ့ အတွက် ပြင်ဆင် ပြဌာန်းဖို့ အဆိုတင်သွင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှု ပြန်လည် ရုတ်သိမ်းပေးစေလိုရင် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေတယ် ဆိုတာကို ပြသတဲ့ အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပေးဖို့ လွှတ်တော်ထဲမှာ တင်ပြခဲ့ကြောင်း၊ အခုအခါ လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပေးနိုင်တဲ့ သမ္မတနဲ့အတူ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီလည်း တာဝန်ယူနေပြီမို့ လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပေးရေးကို ဧပြီလတွင်းမှာ အဆို တင်သွင်းဖို့ စီစဉ်နေတယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။

မြန်မာတို့ရဲ့ နှစ်သစ်ကူး နှစ်ဆန်း တစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပေးဖို့ မျှော်လင့်နေတယ်လို့လည်း ဆိုပါတယ်။

လွှတ်တော်မှာ တင်ပြတဲ့ အဆိုတွေ ပယ်ချခံနေရတာဟာ ကိုယ့်ဖက်က အဆို တင်သွင်းမှု မခိုင်လုံတဲ့ အတွက် ဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

အခု ပေါ်ပေါက်နေတဲ့ အခြေအနေကို လက်တွေ့ ချဉ်းကပ်ပြီး ကိုယ့်ဖက်က လုပ်နိုင်တဲ့ အလုပ်တွေကို လုပ်သွားမယ် ဆိုရင် အခု အသွင် ကူးပြောင်းရေးကာလကနေ နောက် ၅နှစ် ဒါမှမဟုတ် ၁၀နှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံ ဖြစ်သွားမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ လမ်းကြောင်းနဲ့ ဆက်လက် စခန်းသွား နေတာဟာ မြန်မာ့ ဒီမိုကရေစီရေးကို ပိုကြန့်ကြာစေတဲ့ လုပ်ရပ်တွေ ဖြစ်တယ် ဆိုတာ သမိုင်းက ပြောလာလိမ့်မယ်လို့ ဦးသိန်းညွန့်က ဘီဘီစီကို ပြောပါတယ်။