ရော့စ်ဒန်ကလေကို စွဲချက်တင်လိုက်ပြီ

  • 4 ဧပြီ 2011
Ross Dunkley ဓာတ်ပုံ မူပိုင် Reuters

မြန်မာတိုင်းမ် ဂျာနယ် တည်ထောင်သူနဲ့ အယ်ဒီတာချုပ် မစ္စတာ ရော့စ်ဒန်ကလေကို တရားစွဲဆိုသင့် မသင့်ဆိုတဲ့အပေါ် ကမာရွတ် တရားရုံးက စွဲဆိုသင့်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

မိန်းကလေးတစ်ဦးနဲ့ပတ်သက်ပြီး ရာဇဝတ် ကြောင်းအရရော လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ပါ စုစုပေါင်း ပုဒ်မ ငါးခုနဲ့ စွဲချက်တင်လိုက်ပါတယ်။

ရာဇဝတ်မှုတွေထဲမှာတော့ မူးယစ်ဆေးတိုက်ကျွေးမှု၊ နာကျင်စေမှု၊ သွားလာခွင့်ပိတ်ပင်မှု၊ လက်ရောက်မှုတွေနဲ့ ဆိုင်တဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က သူ့ကို စွဲချက်တင်ဖို့ သင့် မသင့် တရားရုံးမှာ နှစ်ဘက် ရှေ့နေတွေ လျှောက်လဲချက် ပေးခဲ့ကြရတာ ဖြစ်ပါတယ်။

မစ္စတာ ဒန်ကလေ ကတော့ တရားရုံးက ဆုံးဖြတ်ချက် အပေါ် သူ့ အနေနဲ့ မှတ်ချက် မပေးလိုပေမဲ့ သူ့မှာ အပြစ် မရှိတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

လာမယ့် ပြီလ ၁၁ ရက်နေ့ကို နောက်ထပ် အမှုချိန်း ပေးလိုက်ပြီး တရားလိုပြ သက်သေ နှစ်ယောက်ကို အဲဒီနေ့မှာ စစ်ဆေးမယ်လို့ သိရပါတယ်။

အင်တာဗျူး အမေးအဖြေ

ဒီနေ့ တရားရုံး ဆုံးဖြတ်ချက်အပေါ် ဘယ်လို မြင်ပါသလဲ။

တရားရုံး လုပ်ငန်းစဉ်အတိုင်း လုပ်ကြတာလို့ပဲ ကျွန်တော်နားလည်ပါတယ်။ ဒါကြောင့်လည်း ဥပဒေစနစ် ရှိနေတာပေါ့။ ဒီလုပ်ငန်းစဉ်အတိုင်း ကျွန်တော်ရဲ့ ဥပဒေအဖွဲ့နဲ့အတူ ဆက်လုပ်သွားမှာပါ။ လောလောဆယ်မှာတော့ အမှု အသေးစိတ်ကို ပြောဖို့ သင့်တော်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော့်မှာ အပြစ်မရှိသလို ကျွန်တော့်အပေါ် စွဲထားတဲ့ အမှုတွေမှာ ရုပ်သိမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီးနောက်ကွယ်မှာတစ်ခုခုရှိနိုင်တယ်လို့ယူဆနေတာတွေရှိပါတယ်။အဲဒါဟုတ်ပါသလား။

နေပြည်တော်ရဲ့ ပါဝင်ပတ်သက်မှု ရှိမရှိဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ နေပြည်တော်ရဲ့ ဆုံးဖြတ်မှု ဘယ်လောက် ပါဝင်နိုင်တယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့အနေနဲ့ ထင်မြင်ချက်တွေ ပြောဆိုနေကြတာပဲ ရှိပါတယ်။ ကျွန်တော့်အနေနဲ့တော့ အခြေအနေတွေက အကောင်းဖက် ပြောင်းလာပြီလို့ ထင်ပါတယ်။ လူတွေအနေနဲ့လည်း လက်ရှိအခြေအနေတိုင်း ဆက်မြင်တွေ့ရဖို့ စိတ်ဝင်စားကြမယ် မထင်ပါဘူး။ ကျွန်တော့်အမှုမှာ သက်သေ အထောက်အထားတွေ အရတော့ အခြေအနေက ကျွန်တော်တို့ဘက်မှာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အမှုကနေ ကွင်းလုံးကျွတ် လွတ်မယ်လို့ပဲ ယုံကြည်ပါတယ်။

ဒီအမှုကရာဇဝတ်မှုဖြစ်ပေမယ့်မစ္စတာဒန်ကလေကသတင်းစာသမားတစ်ဦးဆိုတော့ဒီအမှုကြောင့် မီဒီယာလောကကို ရိုက်ခတ်နိုင်မယ်လို့ ထင်ပါသလား။

ကျွန်တော် နားလည်သလောက်တော့ တရားရုံးကို သတင်းထောက်တွေ၊ ဓာတ်ပုံသမားတွေ လာပြီး ဓာတ်ပုံရိုက်ခွင့်၊ သတင်းယူခွင့်ရတာ ဒါပထမ ဆုံးလို့ ထင်ပါတယ်။ ဒီကိစ္စကိုပဲ ကြည့်ရင် အပြောင်းအလဲအတွက် အရိပ်အယောင်လို့ ထင်ပါတယ်။ နောက်ပြီး သမ္မတသစ်ပြောတဲ့အထဲမှာ ပုံနှိပ်ဥပဒေကို ပြင်ဆင်ဖို့၊ ဆင်ဆာအဖွဲ့နဲ့ ပတ်သက်ပြီး အပြောင်း အလဲတွေလုပ်ဖို့ ပြောသွားတာတွေ့ရတယ်။ ချက်ချင်းကြီး အပြောင်းအလဲ လုပ်ဖို့တော့ ခက်ပါလိမ့်တယ်။ ဒါပေမယ့် အရိပ်အယောင် ပြောသွား တာတွေက ပြောင်းလဲဖို့ အခွင့်အလမ်း တစ်ရပ်အဖြစ် မြင်ပါတယ်။

မစ္စတာ ဒန်ကလေအနေနဲ့ မြန်မာတိုင်း(မ်)မှာ ဆက်လုပ်လို့ ရပါသလား။ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ကျွန်တော် မြန်မာတိုင်း(မ်)မှာ ဆက်ရှိနေပါတယ်။ ကျွန်တော်ဟာ အုပ်ချုပ်မှုဒါရိုက်တာ အဖြစ် ဆက်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ စာစောင်တွေလည်း ဆက်ထွက်နေပါတယ်။ ကျွန်တော်နဲ့ နိုင်ငံခြားသားတွေရဲ့ ရှယ်ယာက ၄၉ ရာခိုင်နှုန်း ရှိပါတယ်။ ဒီအခြေအနေက လတ်တလော ကာလမှာ ပြောင်းသွားမယ်လို့ မထင်ပါဘူး။ လာမယ့်ကာလကို စိတ်လှုပ်ရှားစရာ ကာလအဖြစ် ကျွန်တော်မြင်ပါတယ်။ ကျွန်တော့်တို့ကုမ္ပဏီ ဒီအခြေအနေ ရောက်အောင် ကျွန်တော် ၁၂ နှစ်ကြာ ရင်းလာခဲ့ရတာပါ။ အားလုံးက ကျွန်တော်တို့ကို ဆက်လုပ်ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရသစ် အနေနဲ့ ကျွန်တော်တို့ကို ဒီအချိန်မှာ လိုအပ်မယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ကို ဆက်မထားချင်ဘူး ဆိုရင်လည်း လူကြီးလူကောင်းဆန်ဆန် ပြောဆိုဆွေးနွေး လုပ်ဆောင် နိုင်ကြပါတယ်။