တာလီဘန်နဲ့ ဆက်စပ်တယ် ဆိုပြီး စွဲချက်တင်

  • 6 ဧပြီ 2011

တာလီဘန်တွေနဲ့ ဆက်စပ်တယ် ဆိုပြီး ပြီးခဲ့တဲ့ မတ်လဆန်းက ဖမ်းဆီးထားခဲ့တဲ့ မောင်တော မြို့နယ် အတွင်းက လူ ၁၉ ယောက်ကို ဗုဒ္ဓဟူးနေ့ တရားရုံးမှာ စွဲချက် တင် လိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အာဖဂန် နစ္စတန်က တာလီဘန် တိုက်ခိုက်ရေး သမားများ

သူတို့ကို မတရား အသင်းတွေနဲ့ ဆက်သွယ်မူ ပုဒ်မ ၁၇ (၁)နဲ့ရော မတရားအသင်း အဖွဲ့ဝင် တွေကို စွဲဆိုတဲ့ ပုဒ်မ ၁၇ (၂) တို့နဲ့ပါ တရားစွဲဆိုခဲ့ တာပါ။

တရားစွဲ ခံကြရသူ တွေဟာ မောင်တော မြို့နယ် အတွင်းက ခမောင်းဆိပ်၊ ဘင်ဒရာ၊ ကြောင်နဘေး စတဲ့ ကျေးရွာ အသီးသီးမှာ နေထိုင်ကြသူ မူဆလင်တွေ ဖြစ်ကြ ပါတယ်။

သူတို့ထဲက တချို့ဟာ ရယက ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးကြသူတွေတောင် ပါဝင် ပါတယ်။

သူတို့ကို ရုံးထုတ် ခဲ့ချိန်က လုံခြုံရေးတွေကို တရားရုံး ပတ်လည်မှာ တိုးမြှင့် ချထားခဲ့ ပါတယ်။

အမှု စစ်ဆေးတာကို လာရောက် ကြည့်ရှု နားထောင်ဖို့ လူပေါင်း ငါးဆယ်လောက် တရားရုံးကို ရောက်လာခဲ့ကြပေမဲ့ ဘယ်သူမှ ဝင်ခွင့် မရခဲ့ကြဘူးလို့ သိရပါတယ်။

သူတို့ ရဲ့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးဖို့ ရှေ့နေတွေ ငှားရမ်းခွင့် ရမရကို တော့ ရှင်းရှင်း လင်းလင်း မသိရသေး ပါဘူး။

သူတို့ကို အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးခဲ့ တာဖြစ်ပေမဲ့ တကယ်တော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို မဲမပေးဘဲ တခြား မူဆလင်ပါတီ တခု ဖြစ်တဲ့ အန်ဒီဒီ ပါတီ ( အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ) ကို မဲပေးခဲ့တဲ့ အတွက် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ပြည်ပရောက် ရိုဟင်ဂျာ အဖွဲ့ အစည်း ၇ ဖွဲ့ က စုပေါင်း ကြေငြာချက် ထုတ်ပြန် ခဲ့ ပါတယ်။

အဲဒီ အဖွဲ့တွေထဲက တစ်ဖွဲ့ ဖြစ်တဲ့ ပြည်ပရောက် အမျိုးသား လူ့ အခွင့် အရေးနဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဌ ဦးလှအောင် ကတော့ အခု ဖမ်းဆီး စွဲချက်တင် ခံရသူ အတော်များများကို သူသိရှိပြီး မြန်မာ အာဏာပိုင်တွေ ဘက်က ပြုလုပ် ခဲ့ဖူးတဲ့ အစဉ် အလာတွေအရ အခု ဖမ်းဆီးခံကြရသူတွေဟာ တမင် အကွက်ဆင် ဖမ်းဆီး ခံခဲ့ကြရတယ် ဆိုတာ အခိုင်အမာ ပြောနိုင်တယ်လို့ လည်း ဦးလှအောင်က ဘီဘီစီကို ပြောပါတယ်။