ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပါတီတွေ တောင်းဆို

Soldiers ဓာတ်ပုံ မူပိုင် burmese
Image caption တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေဆဲ

မြန်မာအစိုးရသစ်အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လက်တွေ ပြသ တဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ် ပဋိပက္ခ ပြေငြိမ်းရေးအတွက် သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ပြည်ထောင်စု ညီလာခံ ကျင်းပဖို့ ရွေးကောက်ပွဲဝင် ပါတီ ၁၀ ခုက တောင်းဆို လိုက်ကြပါတယ်။

တောင်းဆိုကြတဲ့ 'ဒီမိုကရေစီ မိတ်ဆွေ' ပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF, ဒီမိုကရက် တစ်ပါတီ မြန်မာ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ နောက်ပြီး ရှမ်း၊ ရခိုင်၊ ချင်း၊ မွန် စတဲ့ တိုင်းရင်းသားပါတီတွေလည်း ပါဝင်ကြပါတယ်။

ပါတီ ကိုယ်စားလှယ်တွေဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရမူဝါဒမိန့်ခွန်းကို အခြေခံပြီး ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးကြပြီးနောက် တနင်္လာနေ့က ကြေငြာချက်ထုတ် တောင်းဆိုကြတာ ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဟာ မဖြစ်မနေ ဖြတ်သန်းရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက ဘီဘီစီကို ပြောပါတယ်။

တစ်ရက်တည်းမှာပဲ KNU ကရင်အမျိုးသားအစည်းအရုံးကလည်း မြန်မာအစိုးရသစ် အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။