UWSA နဲ့ အစိုးရစစ်တပ် ရဲ့ အနှစ် ၂၀ ကျော် အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲ

  • 7 ဧပြီ 2011
UWSA ဝတပ်ဖွဲ့မှ စစ်သားများ
Image caption UWSA ဝတပ်ဖွဲ့မှ စစ်သားများ

ရှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံ နယ်မြေဘက်မှာ မြန်မာ အစိုးရ ရဲ့ နယ်ခြားစောင့်တပ် အစီအစဉ် ကို လက်မခံတဲ့ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နဲ့ မြန်မာ အစိုးရ စစ်တပ်တို့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။

UWSA နဲ့ မြန်မာ အစိုးရ စစ်တပ်တို့ အပစ် အခတ်ရပ်စဲ ခဲ့တဲ့ နှစ် ၂၀ ကာလအတွင်း မှာ ပထမဆုံး ဖြစ်တဲ့တိုက်ပွဲ ဖြစ်သလို ၊ တော် တော်လေး ပြင်းထန်တဲ့ တိုက်ပွဲလို့ သိရ ပါတယ်။ တိုက်ပွဲကတော့ ဧပြီလ ၅ ရက်နေ့ကနေ မနေ့အထိ ၂ရက် ဆက်တိုက် ဖြစ်ခဲ့တာပါ။

ပထမဆုံးရက်မှာ ဖြစ်တဲ့တိုက်ပွဲ ကတော့ (အမ်တီအေ) ထိန်းချုပ် နယ်မြေ ဟောင်းဖြစ်တဲ့ တာချီလိတ် မြို့နယ်ရဲ့ အရှေ့မြောက် ဘက်က မိုင်းယောင်းမြို့နယ် ပါလျော၊ ကျိုင်းလပ်တိုက်နယ်မှာ ဖြစ်တာလို့ ဒေသခံ ပြည်သူ့စစ် အဖွဲ့က ပြောပါတယ်။ နောက်တခါ ဧပြီ ၆ ရက်နေ့မှာတော့ မိုင်းယောင်းမြို့နယ် မြောက်ဘက် လွယ်လန့်ဖ၊ ဟင်ချိုတောင်မှာ ညနေ ၅ နာရီလောက် ကနေ ၇ နာရီ အထိ ပြန်တိုက် ကြတယ် လို့သိရ ပါတယ်။

အခုတိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေ ကတော့ မြန်မာ အစိုးရ စစ်တပ်ဘက်က မိုင်းဖြတ်အခြေစိုက် နည်းဗျူဟာ ၃ လက်အောက်ခံ စကခ ၁၈ က ဒုဗိုလ်မှူးကြီး ဝင်းနိုင်ဦး ဦးဆောင်တဲ့ အဖွဲ့နဲ့ ဝ တပ်ဖွဲ့ရဲ့ တပ်မဟာ ၄၆၈ ရဲ့ တပ်ရင်းအမှတ် ၆၅ တို့ပဲဖြစ်ပါတယ်။ အင်အားနဲ့ ပြောရမယ် ဆိုရင် မြန်မာ အစိုးရ စစ်တပ်ဘက်က လူအင်အား ၄၀၀ လောက် ရှိပြီး၊ ဝ တပ်ဖွဲ့ဘက် က ၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ တိုက်ပွဲမှာ အစိုးရ စစ်တပ်ဘက် က ၁ ယောက်သေ တယ်လို့ သိရပါတယ်။ ထိခိုက် ဒဏ်ရာ ရတာကတော့ နှစ်ဘက် စလုံး ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲ ဖြစ်ပွားပုံကို ပြောရမယ် ဆိုရင် - ဝ တပ်ဖွဲ့ရဲ့တပ်သားတွေ အဲဒီ မိုင်းယောင်းနယ်မြေ ထဲကို ဆင်းလာ တယ်ဆိုတဲ့ အကြောင်း မြန်မာ အစိုးရ စစ်တပ်ဘက်က သတင်း ရထားတဲ့အတွက် ကြောင့် တမင်သွားစောင့်ပြီး တိုက်ခိုက်တာလို့ ဒေသခံပြည်သူ့ စစ်အဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲ နဲ့ ပတ်သက်လို့ UWSA ဖက်ကတော့ သီးခြား အတည်ပြုချက် မရရှိပါဘူး။

ဒီနေ့တော့ အခြေအနေက ပြန်ငြိမ်သွားပြီလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ အစိုးရ စစ်တပ်ဘက် က ဝ တပ်ဖွဲ့ကို သူတို့ ထိန်းချုပ်နယ်မြေဘက်ကို ပြန်ဆုတ်ဖို့၊ ဒါမှ မဟုတ်ရင် မြန်မာ အစိုးရ စစ်တပ်အနေနဲ့ အင်အားကြီးအလုံးအရင်းနဲ့ ဝင်တိုက်မယ်လို့ပြော တဲ့အတွက် ဝ တပ်ဖွဲ့ဘက်က မနေ့ည ၁၁ နာရီအချိန်လောက်မှာ ချက်ချင်း နောက်ဆုတ် ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောသွားပါတယ်။