ကမ္ဘာ့ကျန်းမာရေးနေ့ မြန်မာ့ကျန်းမာရေးမကောင်း

  • 7 ဧပြီ 2011
WHO
Image caption ဒီနေ့မလုပ်ရင် မနက်ဖြန်မကုသနိုင်လို့ WHO က သတိပေး

ဧပြီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ကျန်းမာရေးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လူတွေ ဆေးမတိုးတဲ့ ပြဿနာ အကြောင်းကို အဓိက သတိပေးပြောကြား ထားပါတယ်။

ပဋိဇီဝဆေးတွေ မူမမှန်စွာ သုံးစွဲတာကြောင့် လူတွေ ဆေးမတိုးတာ ဖြစ်သလို ဒီလိုဆေးဝါး တွေ တိုက်ကြွေးထားတဲ့ တိရစ္ဆာန်ထွက်ပစ္စည်း တွေ စားသုံးခြင်း စတဲ့ အကြောင်းရင်း တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ဆေးဝါးမလုံလောက်မှု နဲ့ ကျန်းမာရေးစောင့်ရှောက်မှု မကောင်းတဲ့ ပြဿနာတွေ ကြုံနေရတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ငါးနှစ်အောက် ကလေး အသေအပျောက် အများဆုံးစာရင်းမှာ ပါဝင်ပြီး ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းတွေအရ အသက် ၅ နှစ်အောက် ကလေးတစ်ထောင်မှာ ၁၀၄ ယောက် သေဆုံးနှုန်းရှိတယ်လို့ ဖော်ပြပါတယ်။

နောက်ပြီး လူတွေရဲ့ ပျမ်းမျှသက်တမ်းဟာလည်း အမျိုးသမီး ၅၇ နှစ် နဲ့ အမျိုးသား ၆၃ နှစ်လောက်ပဲ ရှိတယ်လို့ ဖော်ပြပါတယ်။

မြန်မာအစိုးရသစ်လက်ထက် ကျန်းမာရေးအတွက် ခွဲတမ်းကျ ဘတ်ဂျက်ကတော့ စုစုပေါင်းရဲ့ ၁ ဒဿမ ၃ ရာခိုင်နှုန်းပဲ သုံးစွဲကြောင်း သိရပြီး၊ ဒီဘတ်ဂျက်ကို တိုးဖို့ လိုကြောင်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

နောက်ပြီး လူတိုင်းဟာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ လက်လှမ်းမီနိုင်အောင်လုပ်ဖို့နဲ့ လူထုအတွက် ကျန်းမာရေးအသိပညာပေး လုပ်ဆောင်ဖို့လိုအပ်ကြောင်းလည်း မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းရဲ့ အလုပ်အမှုဆောင်လည်း ဖြစ်၊ ကနေဒါနိုင်ငံ အယ်လ်ဘားတား တက္ကသိုလ်က ဆေးပညာကထိကလည်း ဖြစ်တဲ့ ဒေါက်တာ ခင်စောဝင်းက ဘီဘီစီကို ပြောပါတယ်။