ထိုင်းရောက် မြန်မာတွေ သင်္ကြန် အိမ်ပြန်

Burmese returning home ဓာတ်ပုံ မူပိုင် bbc burmese
Image caption မွေးရပ်မြေသို့ ပြန်ကြပြီ

လာမယ့် အပတ်ကစလို့ ထိုင်းနိုင်ငံမှာလည်း ဆွန်ခရမ်လို့ ခေါ်တဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကျင်းပတော့မှာမို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေလည်း ခွင့်ရက်ရှည်ယူပြီး မြန်မာနိုင်ငံဖက်ကို ပြန်နေကြပါတယ်။

နယ်စပ် မဲဆောက်မြို့ကနေ ကူးတို့လှေတွေနဲ့ တဖက်ကမ်း မြဝတီမြို့ကို ကူးနေကြသူတွေဟာ အခုရက်ပိုင်းမှာ တနေ့တနေ့ကို ရာနဲ့ ချီပြီး ရှိနေပါတယ်။

အထူးသဖြင့် ထိုင်းနဲ့ နယ်စပ်ချင်းကပ်နေတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က လာပြီး အလုပ်လုပ်နေကြသူတွေ အိမ်ပြန်ကြတာဖြစ်ပါတယ်။

ဘန်ကောက်က မဲဆောက်ကို လာတဲ့ ဘတ်စကားပေါ်မှာလဲ တကားလုံးလိုလို မြန်မာတွေချည်းပဲလို့ အိမ်ပြန်မဲ့ အမျိုးသမီးလေး တယောက်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကစလို့ ထိုင်းနိုင်ငံရောက် မြနမာအလုပ်သမားတွေကို စိစစ်ပြီး နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးထားတဲ့ အတွက် နိုင်ငံကူးလက်မှတ် ကိုင်ထားနိုင်တဲ့ သူတွေဟာ အရင်ကလို ရဲ ဖမ်းမှာ မကြောက်ရ၊ ခိုးကြောင်ခိုးဝှက် နေစရာမလိုတော့ပဲ အိမ်ကိုလဲ တရားဝင်ပြန် နိုင်ကြပြီလို့ သူက ဆက်ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် bbc burmese
Image caption အိမ်ပြန်ဖို့ လှေဆိပ်မှာ

အိမ်ပြန်ဖို့ လှေဆိပ်ကို ရောက်လာတဲ့ လူငယ်အမျိုးသားလေးကလဲ သူ နေရပ်ကို မပြန်နိုင်တာ ကြာပြီဖြစ်တဲ့ အကြောင်း၊ အခုတော့ အခွင့်သာတာနဲ့ ရွာကို ပြန်ပြီး သင်္ကြန်ပွဲနွှဲမှာ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။

ထိုင်း သင်္ကြန်က ပျော်စရာကောင်းပေမယ့် သူ့အနေနဲ့တော့ ကိုယ့်ရပ် ကိုယ့်ရွာကို ပြန်ရမှာကို ပိုပြီး ပျော်တယ်လို့ ဆိုပါတယ်။

မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတားကတော့ ပိတ်ထားဆဲပါ။ ဒါပေမယ့် နှစ်ဖက် အာဏာပိုင်တွေကတော့ အခုလို မြန်မာနိုင်ငံသားတွေ ရာနဲ့ချီပြီး တဖက်ကမ်းကူး အိမ်ပြန်နေကြတာကို တားဆီးမှု မရှိပဲ ဒီအတိုင်းကြည့်နေကြတယ်လို့ သိရပါတယ်။