KIA တိုက်နယ်မှူး တဦးကို အစိုးရတပ်က ဖမ်းဆီး

  • 9 ဧပြီ 2011
kachin
Image caption KIOနဲ့ မြန်မာ အစိုးရ စစ်တပ်အကြား ဆက်ဆံရေး တင်းမာနေ

မြန်မာ အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့ရေး ကို လက်မခံတဲ့ KIA ကချင် လွတ်မြောက် ရေး တပ်နဲ့ မြန်မာ စစ်အစိုးရ အကြား အခု ရက်ပိုင်းအတွင်း အပြန်အလှန် ဖမ်းဆီးမှု တွေ ရှိနေချိန်မှာပဲ KIA တိုက်နယ်မှူး တဦးကို မြန်မာ အစိုးရတပ် တွေက ဖမ်းဆီး လိုက်ပါတယ်။

အဖမ်းခံရသူဟာ KIA ရဲ့ ဖွဲ့စည်းပုံအရ ဆိုရင် နမ့်ခမ်း မြို့နယ် အစပ် အူလန်ဘာမြို့နယ် ဒိန်ဂါ တိုက်နယ်မှူး လဆန် ဆိုသူ ဖြစ်ပြီး မြန်မာ အစိုးရ ထိန်းချုပ်တဲ့ မန်ဝင်းကြီး ဒေသကို တနင်္လာနေ့က KIO ရဲ့ မြို့နယ် ကိစ္စ တာဝန်နဲ့ ဆင်းလာတုန်း TV ဂိမ်းဆိုင်တခုထဲမှာ စကားများမှု ဖြစ်ရာကနေ အဖမ်းခံခဲ့ရတာ ဖြစ်တယ် လို့ တရုတ် မြန်မာ နယ်စပ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မတ်လ ၂၄ ရက်နေ့တုန်းကလည်း ဖားကန့်မြို့မှာ အခွန်ကောက်မှု ကိစ္စနဲ့ KIO အရာရှိ နှစ်ဦး အဖမ်းခံခဲ့ရပါသေးတယ်။

အခုတလော ရွှေကူမြို့နယ်ထဲမှာ အစိုး စစ်တပ်ဖက်က ညပိုင်းတွေမှာ ကင်းပုန်းဝပ်တာ၊ စစ်ရေး လှုပ်ရှား တာတွေ ရှိနေသလို ရှမ်းပြည် မြောက်ပိုင်း နမ္မဆန်၊ နမ္မတူနဲ့ မန်တုံ ဘက်တွေမှာလည်း စစ်ရေး လှုပ်ရှားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါဟာ SSA မြောက်ပိုင်း နဲ့ အစိုးရတပ်တွေ အကြား အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွား နေရာကနေ နယ်မြေပျံ့နှံ့ ကူးစက်လာတဲ့ သဘော ဖြစ်ပြီး ကချင်နဲ့ ဆက်စပ်နေတဲ့ နယ်မြေတွေကို အစိုးရစစ်တပ်ဖက်က လမ်းကြောင်း လိုက်ပိတ်နေတဲ့ လက္ခဏာလို့ ယူဆ နေကြပါတယ်။

KIOဟာ မြန်မာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပေမဲ့ နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံခဲ့တဲ့ အတွက် လက်ရှိမှာ နှစ်ဖက် အကြား အခြေအနေ ဟာ ရှေ့မတိုး နောက်မဆုတ် သာ ဖြစ်နေရပါတယ်။