အဓမ္မ လယ်သိမ်းခံရမှု တိုင်ကြားမယ်

  • 10 ဧပြီ 2011

မန္တလေးတိုင်း မြင်းခြံမြို့မှာ လျှပ်စစ်ဓါတ်အားခွဲရုံနဲ့ ဝန်ထမ်းအိမ်ယာ ဆောက်ဖို့ ဆိုပြီး တောင်သူတွေပိုင်တဲ့ လယ်ဧက ၃၅ ဧကကို လျော်ကြေးငွေ ၅ သောင်းပေးပြီး အတင်းအဓမ္မသိမ်းယူတဲ့အတွက် တောင်သူတွေက လယ်မဲ့ဖြစ်မယ့်အရေး၊ အထက် အာဏာပိုင်တွေကို တိုင်ကြားမယ်လို့ သိရပါတယ်။

Image caption ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာတဲ့ လယ်မြေတွေ အသိမ်းခံရတာ ဖြစ်ပါတယ်

မြင်းခြံမြို့ အနောက်တောင်ဘက် စက်မှုဇုံ ဘေးမှာရှိတဲ့ ရွာစည်နဲ့ အမှတ် ၁၉ ရပ်ကွက်က တောင်သူတွေပိုင်တဲ့ လယ်မြေ ၃၅ ဧကကို တဧက ၅သောင်း နှုန်း လျော်ကြေးပေးမယ် ဆိုပြီး ဒေသအာဏာပိုင်တွေက သိမ်းယူခဲ့တာပါ။

လယ်ပိုင်ရှင်တွေ ဘိုးဘွားစဉ်ဆက် ဓါးမဦးချ လုပ်ကိုင်လာတဲ့ ဒီလယ်မြေတွေကို ခုလို သိမ်းတာနဲ့ ပတ်သက်လို့ ကျေနပ်မှုမရှိတဲ့ အတွက် လယ်သမားတွေစုပေါင်းပြီး နိုင်ငံတော် အဆင့်ထိ တိုင်ကြားမယ့်အကြောင်း ဒေသခံလယ်သမားတဦးက ပြောပါတယ်။

အလားတူ မြင်းခြံမြို့တောင်ဘက် ရသာ၊ ဖက်ရင်း၊ မြင်သာ၊ နဘူးအိုင်၊ ကုတ်ကဲ၊ သက်ရွာ က လယ်ဧက ၆ ထောင်ကို တပ်မတော် စက်မှုဇုံအတွက် သိမ်းရာမှာတော့ လယ်သိမ်းခံ တောင်သူတွေကို တဧက ၇သိန်း၊ ထန်းတပင် ၂ သောင်းနှုန်း လျော်ကြေးရကြ တယ်လို့ သိရပါတယ်။

ဒီလိုသိမ်းတဲ့ထဲက မြေရိုင်းမြေလွတ်တွေကိုတောင် ဒေသခံ အာဏာပိုင်တွေနဲ့ မြေစာရင်း ပေါင်းပြီး လျော်ကြေးတွေ ထုတ်ယူနေတာတွေ ပေါ်ပေါက်နေတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

နောက်တခါ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မကွေးတိုင်း ကံမမြို့နယ် စစ္စရံရွာနားတဝိုက်မှာ ဦးပိုင် လီမိတက်က ကော့စတစ်စက်ရုံ အတွက် သိမ်းယူခံရတဲ့ လယ်သမားတွေက ကုမ္ပဏီကို တိုင်ကြားထားတဲ့ အမှုကိုတော့ ကံမမြို့နယ်တရားရုံနဲ့ သရက်ခရိုင်တရားရုံး ၂ ခုစလုံးက ပယ်ချခံလိုက်ပြီး၊ မင်းလှမြို့နယ် တရားရုံးကို ပြောင်းစစ်ဖို့ အမိန့်ချထား တယ်လို့ သိရပါတယ်။

အခုလို လယ်သိမ်းခံတောင်သူတွေက တိုင်ကြားတဲ့အမှုတွေကို ခုတက်လာတဲ့ အစိုးရသစ်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ မျှော်လင့်ချက် သိပ်မရှိကြောင်း ဒီအမှုတွေကို လိုက်ပါ ကူညီပေးနေတဲ့ ရှေ့နေကြီးဦးအောင်သိန်းကို ဘီဘီစီကို ပြောပါတယ်။

လယ်ယာမြေဟူသမျှ နိုင်ငံတော်ကပိုင်တယ်ဆိုတဲ့အတိုင်း နိုင်ငံတော်ရဲ့ အစီအမံအောက်မှာ လယ်ယာမြေဟာရှိနေတဲ့အတွက် အခုစက်မှုလုပ်ငန်းတွေ အတွက် လယ်ယာမြေတွေ သိမ်းတဲ့ ကိစ္စမှာ အစိုးရကိုယ်တိုင်ကလည်း ပါဝင်ပတ်သက်နေကြောင်း ဦးအောင်သိန်းက ပြောပါ တယ်။

ဒါပေမယ့်လည်း လယ်သမားတွေရဲ့အခွင့်အရေးနဲ့ လယ်သမားတွေ အလုပ်လက်မဲ့ ဖြစ်မယ့် ပြဿနာက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နဲ့ပါ ပတ်သက်နိုင်တဲ့အတွက် ရေဆုံးရေခမ်း ဆောင်ရွက်ရမယ်ဆိုတဲ့ သဘောထားကို ဆုံးဖြတ်ထားကြောင်း သူက ဆက်ပြောပါတယ်။

ကံမမြို့နယ် စစ္စရံက လယ်သိမ်းခံ လယ်သမားတွေ တိုင်ကြားတဲ့အမှုကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးတယူ ဆောင်ရွက် မပေးသေးတဲ့အပြင်၊ မတ်လ ၂၁ ရက်နေ့က လယ်သမား ဦးသန်းဦးနဲ့ ရွာသား ၄ ဦး ကို ကော့စတစ် စက်ရုံစီမံကိန်း ဝန်ထမ်း၂၀ ကျော်က ရိုက်နှက်ပြီး၊ ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုတာကို ခံထားရပါတယ်။