UMFCCI အသင်းချုပ် လျှို့ဝှက်မဲနဲ့ ပြန်ရွေးချယ်

  • 10 ဧပြီ 2011
umfcci ဓာတ်ပုံ မူပိုင် bbc
Image caption UMFCCI အသင်းချူပ်ကို ၁၉၉၉ ခုနှစ်က စတည်ထောင်ခဲ့

မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရဲ့ အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲကို စနေနေ့က ကျင်းပခဲ့ပါတယ်။

အရင်က UMFCCI ရဲ့ ဦးဆောင်မှုကို အစိုးရက ရွေးချယ် ခန့်အပ်ခဲ့တာ ဖြစ်ပေမဲ့ အခုတော့ ပထမဆုံးအကြိမ်အဖြစ် လျှို့ဝှက်မဲပေး ရွေးချယ် ခန့်အပ်ခဲ့ပါတယ်။

အခု ရွေးချယ်ပွဲမှာ UMFCCI ရဲ့ ဥက္ကဌအဖြစ် ဒဂုန် အင်တာနယ်ရှင်နယ်က ဦးဝင်းအောင်၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာ မျိုးသက် တို့ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

UMFCCI အသင်းမှာ ဥက္ကဌနဲ့ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူတွေက အခုအခါ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးတွေ ဖြစ်လာတဲ့ အတွက် သူတို့လို စီးပွားရေး အတွေ့အကြုံ ရှိသူတွေ အနေနဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံခွင့် ရလာမှာမို့ နိုင်ငံ့ စီးပွား တိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံတော် အဆင့်ဆင့်၊ လွှတ်တော် အဆင့်ဆင့်ကို တင်ပြတဲ့အခါ မြန်ဆန် ထိရောက်မှုတွေ ရှိလာမယ်လို့ အခု ရွေးချယ်ပွဲမှာ ဗဟို အလုပ်အမှုဆောင် အဖြစ် ရွေးချယ်ခံရသူ မွန်ပြည်နယ် ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ ဦးလှရှိန်က ဘီဘီစီကို ပြောပါတယ်။

လက်ဝါးကြီးအုပ် စီးပွားရေးစနစ်၊ လူတစ်စုကို ပေးတဲ့ စီးပွား စနစ်တွေ မရှိစေရတော့ပါဘူး လို့ သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ပြောသွားကြောင်းနဲ့ အဲဒီအတိုင်း အကောင် အထည်ဖေါ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

အခုအခါ အပြင်ဒေါ်လာ ပေါက်စျေးနဲ့ တရားဝင် လဲပေးတဲ့ နှုန်းက အမြောက်အများ ကွာဟ နေတဲ့အတွက် အာဆီယံ နိုင်ငံအားလုံး လက်ခံနိုင်တဲ့ ငွေကြေးလဲလှယ်မှု စနစ်တခုကို အခု တက်လာတဲ့ အစိုးရသစ်က ညှိပေးပြီး ရင်းနှီး မြှုပ်နှံမှု ဥပဒေကို လက်မှတ်ထိုးလိုက်မယ် ဆိုရင် စီးပွားရေး စနစ် အလျင်အမြန် တိုးတက်လာမယ်လို့ ဦးလှရှိန်က ပြောပါတယ်။