ထိုင်း​က မြန်မာ​ဒုက္ခ​သည်​တွေ ​ကို ပြန်​ပို့​တော့​မှာ​လား

  • 11 ဧပြီ 2011
ထိုင်းနိုင်ငံကမြန်မာဒုက္ခသည်တွေ
Image caption ထိုင်းနိုင်ငံကမြန်မာဒုက္ခသည်တွေ

မြန်မာနိုင်ငံမှာ အစိုးရသစ်က အာဏာ လွှဲပြောင်းယူပြီးတဲ့ နောက်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ဝန်ထုတ်ဝန်ပိုး ဖြစ်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် တသိန်းကျော်ကို နေရပ်ရင်း ပြန်ပို့ပြီး ဒုက္ခသည်စခန်းတွေ အားလုံးကို ပိတ်လိုက်ဖို့ ထိုင်းဖက်က စီစဉ်နေတယ်လို့ ထိုင်းအရာရှိတယောက်ကို ကိုးကားပြီး APF က သတင်းရေးပါတယ်။

ထိုင်း၀န်ကြီးချုပ် နိုင်အဖိဆစ် ဝေ့ချာချီ၀ ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး တနင်္လာနေ့က ဘန်ကောက်မှာကျင်းပ တဲ့ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဒီအကြောင်းကိုဆွေးနွေးခဲ့ကြတာလို့ဆိုပါတယ်။

ဒါပေမယ့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ နိုင်ထာဝင်း ပလီယန်ဆီရီရဲ့အတွင်းရေးမှူး ဒေါက်တာဖုန်ချစ်က မြန်မာဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ဖို့က မြန်မာနိုင်ငံရဲ့ အခြေအနေတွေအားလုံးပုံမှန်ကိုပြန်ရောက်ဖို့ လိုကြောင်း အခုလောလောဆယ်မှာပြန်ပို့ ဖို့ မဖြစ်နိုင်သေးကြောင်း သူတို့ နည်းလမ်းတွေ ရှာနေတုံးပဲလို့ ဆိုပါတယ်။

မြန်မာဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ကထဲက အကြောင်း အမျိုးမျိုးနဲ့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေ ဆီရောက်လာကြပါတယ်။

စစ်ပြေးဒုက္ခသည်တွေ အပြင် သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး အစိုးရ စစ်တပ်က သူတို့ရဲ့ကျေးရွာတွေကနေ နှင်ထုတ်လို့ ရောက်လာကြတာရှိသလို တချို့ကတော့ မကြာခဏ ပေါ်တာဆွဲခံရ ဓမ္မလုပ်အားပေးရတဲ့ ဒါဏ်တွေကို မခံနိုင်လို့ ထွက်ပြေးလာကြ သူတွေဖြစ်ပါတယ်။

ဒုက္ခသည်တွေကို အခုလောလောဆယ်မှာ နေရပ်ရင်းကို ပြန်မပို့ဖို့ ပြောဆိုနေသလို တဖက်မှာလည်း အဲဒီမြန်မာဒုက္ခသည်တွေကို ကူညီနေတဲ့ အလှူရှင်နိုင်ငံတချို့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ တွေမပြီးခင်ကထဲက ဒုက္ခသည်တွေကို ကူညီနေတဲ့ ငွေကြေးအထောက်အပံ့တွေ လျော့ချလိုက်တာတွေ ကိုတွေ့မြင်နေရပါတယ်။