ချင်းပြည်နယ် စားနပ်ရိက္ခာ ပြတ်လပ်မှု ပိုဆိုးလာနိုင်

  • 11 ဧပြီ 2011
ဓာတ်ပုံ မူပိုင် Chinland Guardian
Image caption ချင်းပြည်နယ်မှာ ကြွက်တွေကြောင့် ရိက္ခာပြတ်မှု စခဲ့

ချင်းပြည်နယ်မှာ ကြုံနေရတဲ့ စားနပ်ရိက္ခာ အကျပ်အတည်းဟာ မိုးရာသီမှာ ပိုဆိုးလာနိုင်ပြီး ရိက္ခာပြတ်လပ်မှု ရှိနိုင်တယ်လို့ မြန်မာနိုင်ငံတွင်းက ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးရဲ့ ဧပြီလ ၈ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မိုးတွင်း အသွားအလာခက်ခဲမှု၊ ကုန်စျေးနှုန်းနဲ့ လောင်စာဆီ စျေးကြီးမြင့်မှု၊ ဝင်ငွေရနိုင်တဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားသောက်ဖို့ အခက်ကြုံနိုင်တယ်လို့ ဆိုပါတယ်။

အဓိက ချင်းပြည်နယ် တောင်ပိုင်းမှာ စားနပ်ရိက္ခာ ပြတ်လပ်မှု အဆိုးဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ လေးနှစ်ခန့်က ကြွက်တွေကြောင့် ဖြစ်ခဲ့ရတဲ့ စားနပ်ရိက္ခာ ရှားပါးမှုနောက်ပိုင်း ရိက္ခာပြတ်လပ်မှုဟာ အခုအချိန်အထိ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သတင်းရကြောင်း Chin Land Guardian သတင်းဌာန အယ်ဒီတာ ကိုဘန်ဗြတ်ထန်က ပြောပါတယ်။

တချို့ စားစရာလုံးဝမရှိတော့သလို တချို့နေရာတွေမှာ ဆန်ကိုဘဲ ပြုတ်စားနေရတယ်လို့ ဆိုပါတယ်။

မြို့၊ ရွာလူကြီးတွေက အစိုးရကို အကူအညီတောင်းပေမဲ့ အစိုးရဆီက တုန့်ပြန်ကူညီတာမရှိဘူးလို့ ရွာလူကြီးတွေက ပြောပြတယ်လို့ ဆိုပါတယ်။

အစိုးရမဟုတ်တဲ့ အကူအညီပေးအဖွဲ့တွေ ၊ ဘာသာရေး အဖွဲ့အစည်းတွေက ကိုယ်နည်းကိုယ့်ဟန်နဲ့ အကူအညီပေးနေကြပေမဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ရှိလို့ စားနပ်ရိက္ခာပြတ်လပ်တဲ့ နေရာတွေကို မရောက်နိုင်သလို အာဏာပိုင်တွေက ခွင့်မပြုလို့ မသွားနိုင်တာတွေလဲ ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အစီရင်ခံစာမှာလဲ ပလက်ဝမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးမကောင်းတာနဲ့ သွားလာနိုင်ဖို့ အခက်အခဲတွေရှိတာကြောင့် ဘယ်လောက် စားနပ်ရိက္ခာ ပြတ်လပ်နေတယ်ဆိုတာ မစီစစ်နိုင်ခဲ့ဘူးလို့ ဖေါ်ပြထားပါတယ်။