နွေးထွေးတဲ့ စောင့်ရှောက်မှု ဒုက္ခသည်တွေ လိုလား

  • 11 ဧပြီ 2011

ဂျပန် နိုင်ငံမှာ ပြီးခဲ့တဲ့ လက မြေငလျင်နဲ့ ဆူနာမီ ဒဏ်ကြောင့် သေဆုံး သွားတဲ့ လူပေါင်း ၁သောင်း ၃ထောင် ကိုရည်စူးပြီး တစ်မိနစ် ငြိမ်သက် ဆုတောင်း မေတ္တာ ပို့သ တဲ့ အခမ်း အနားမှာ ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန်းက သူ့ရဲ့ ဝန်ကြီးအဖွဲ့ကို ကိုယ်စားပြု တက်ရောက်ခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဝန်ကြီး ချုပ် ကိုယ်တိုင် ဦးစီး လုပ်ဆောင်နေ

တိုကျို မြို့တော်မှာ လမ်းဆုံ လမ်းမ တွေ၊ ဘူတာရုံတွေ၊ တီဗွီ ကြော်ငြာတွေ ပြုလုပ်တဲ့ နေရာ တိုင်းမှာ လွန်ခဲ့တဲ့ တစ်လက မြေ ငလျင် လှုပ်ခတ်ခဲ့တဲ့ အချိန် ၁ နာရီ ၄၆ မိနစ် မှာ တစ်မိနစ် တိတိ ငြိမ်သက် ဆုတောင်းတာ တွေ့မြင်ရ လို့ လွန်ခဲ့ တဲ့ တစ်လ အချိန်က ကပ်ဘေးဆိုးကြီး ထိခိုက်ခဲ့တာ တွေကို လူတွေ အားလုံး ပြန်ပြောင်း သတိရမိကြတယ်လို့ တိုကျိုမှာ နေတဲ့ မြန်မာ အမျိုးသား ကိုမိုင်ကျော်ဦးက ဘီဘီစီကို ပြောပါတယ်။

ဂျပန် နိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာ နိုင်ငံသား တွေကလည်း ဒုက္ခသည် စခန်း ၉၀ ကျော် အနက် စခန်း တစ်ခုဆီကို သောကြာနေ့က သွားရောက်ပြီး ဒုက္ခသည်တွေ အတွက် ထမင်း၊ ကြက်သား ကာလသားချက်၊ ခရမ်းသီးနဲ့ ကြက်ဥ စတဲ့ ဟင်းလျာ တွေကို သွားရောက် ချက်ပြုတ် ကျွေးမွေး လှူဒန်း ခဲ့ရာမှာ စားစရာ ပူပူ နွေးနွေး မစားကြရတာ ကြာပြီ ဖြစ်တဲ့ ဒုက္ခသည်တွေက ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြောခဲ့ကြတယ်လို့ လည်း ကိုမိုင်ကျော်ဦးက ပြောပါတယ်။

တနင်္ဂနွေ နေ့ကလည်း သေဆုံး သွာခဲ့ကြသူတွေ အတွက် တိုကျို မြို့မှာ ဘာသာ ပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်ပြီး အလှုငွေ ကောက်ခံ ခဲ့ရာမှာ မြန်မာ ကျပ်ငွေ သိန်းပေါင်း ၁၄၀ ကျော် ကောက်ခံ ရရှိခဲ့ တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption တချို့ ဒုက္ခသည်တွေဟာ မိသားစု ဝင်တွေ အားလုံး လိုလို ဆုံးပါးခဲ့ ကြရ

ဒုက္ခသည် စခန်းတွေကို ရောက်သွားတော့ ရုပ်မြင် သံကြား ပေါ်မှာ တွေ့ရတာနဲ့ ကိုယ်တိုင် မျက်မြင် တွေ့ရတာ ကွာခြား နေတယ်လို့လည်း ကိုမိုင်ကျော်ဦးက ပြောပါတယ်။

ရုပ်မြင်သံကြားမှာ စိတ်ဓါတ် ကြံ့ခိုင်သူ တွေကိုသာ မြင်ကြရပြီး စခန်းက လူတွေ အများစု ကတော့ စိတ်အား ငယ်နေကြတယ်၊ မိသားစုဝင်တွေ အာလုံး လိုလို သေဆုံး သွားကြ သူတွေ ဆိုရင် စိတ်ဓါတ်ကျ နေကြပြီး စိတ်ကျ ရောဂါလိုမျိုးတောင် ဖြစ်နေပုံ ရတယ်လို့ ကိုမိုင်ကျော်ဦးက ပြောပါတယ်။

ဒုက္ခသည်တွေ အနေနဲ့ စားစရာ နဲ့ နေစရာ မပူပင်ရအောင် ဂျပန် အာဏာပိုင်တွေ ဘက်က ကူညီ ဆောင်ရွက်ပေး နေတာ တွေ ရှိနေ ပေမဲ့ တကယ်တန်း သူတို့ အတွေ့ အကြုံတွေ ဖွင့်အံ ပြောတာကို နားထောင် ပေးတာမျိုး၊ အဖော် အဖြစ် နေပေးတာမျိုး လိုချင်ကြတယ်၊ စိတ်ဓါတ် ခွန်အား ပေးစေနိုင်တဲ့ ဂရုဏာ အကြင်နာ နဲ့ ဆက်ဆံ တာမျိုးကို ခံယူ လိုကြတယ် ဆိုတာ တွေ့မြင် ခဲ့ရတဲ့ အတွက် မြန်မာ နိုင်ငံသား တွေကလည်း သူတို့ တတ်နိုင်တဲ့ ဘက်ကနေ နောက်ထပ် အကူ အညီတွေ ပေးနိုင်ဖို့ စီစဉ် လုပ်ဆောင် နေတယ်လို့လည်း သိရ ပါတယ်။

ဂျပန်နိုင်ငံ မြောက်ပိုင်းမှာ ကြောက်မက်ဖွယ်ရာ မြေငလျင်ကြီးနဲ့ ဆူနာမီ လှိုင်းဒဏ်ကြီး ဖြစ်ခဲ့တဲ့ တစ်လ ပြည့်တဲ့ နေ့မှာပဲ ပြင်းအား ၇ ဒဿမ ၁ ရှိတဲ့ နောက်ထပ် မြေငလျင် လှုပ်ခတ်ခဲ့ ပါတယ်။