ဂျပန် နျူကလီးယား အရေးပေါ် အဆင့် တိုး သတ်မှတ်

  • 12 ဧပြီ 2011
fukushima ဓာတ်ပုံ မူပိုင် AFP
Image caption ဖူကူရှီးမား ပြဿနာဟာ ချာနိုဘိုင်းလောက် မဆိုးဘူးလို့ ဂျပန် တာဝန်ရှိသူတွေကပြော

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယား စက်ရုံမှာ INES လို့ခေါ်တဲ့ နျုကလီးယား မတော်တဆ ဖြစ်မှု နိုင်ငံတကာ စံနှုန်း အရေးပေါ် အခြေအနေ အဆင့်ကို အခုအခါ အမြင့်ဆုံး အဆင့် ၇ အထိ သတ်မှတ် လိုက်ပြီ လို့ အစိုးရက ပြောပါတယ်။

အချက်အလက်တွေ ပြန်လည် သုံးသပ် အပြီးမှာ အရေးပေါ် အခြေအနေ အဆင့် ၅ ကနေ အခုလို ၇ အထိ တိုးမြှင့်လိုက်တာလို့ ဆိုပါတယ်။

အခုလို ချက်ချင်း ခုန်တက် သတ်မှတ်လိုက် ပေမယ့် အခြေအနေက ရုတ်တရက် ဆိုးလာလို့ မဟုတ်ပဲ အားလုံး အခြေအနေတွေကို ဆန်းစစ်လေ့လာပြီး အခုလို အဆင့် တိုးမြှင့် သတ်မှတ်လိုက်တာ လို့ ဆိုပါတယ်။

အရင်က INES အရေးပေါ် အခြေအနေအဆင့် ၇ အထိ သတ်မှတ်ခဲ့ဖူးတဲ့ တခုတည်းသော ဖြစ်ရပ်က ၁၉၈၆ ခုနှစ်က ချာနိုဘိုင်း နျုကလီးယား စက်ရုံ ပေါက်ကွဲ ခဲ့တုန်းက ဖြစ်ပါတယ်။

ချာနိုဘိုင်း တုန်း က နျူကလီးယား လောင်စာခေျာင်းတွေကို ကာထားတဲ့ အဓိက အမာခံ အကာအရံ တခုလုံး ပွင့်ထွက် ပေါက်ကွဲခဲ့တဲ့ အတွက် နျူကလီးယား ဓာတ်ရောင်ခြည်တွေ ပမာဏ အမြောက်အများ နဲ့ အချိန် အနည်းငယ် လေး အတွင်းမှာ ပဲ ပျံ့နှံ့ထွက်သွားတာပါ။

အခု ဖူကူရှီးမား အကြပ်အတည်း ပြဿနာမှာတော့ အကာအရံ တွေက ပွင့်မထွက် ခဲ့ပါဘူး။

ဒါပေမယ့်လည်း ဖူကူရှီးမား စက်ရုံမှာက အမာခံ အကာအရံ တွေ မလုံခြုံ တော့တဲ့ အတွက် နျူကလီးယား ဓာတ်ရောင်ခြည် တဖြည်းဖြည်း စိမ့်ထွက်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။

ချာနိုဘိုင်း နဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်ရောင်ခြည် ထွက်တဲ့ ပမာဏ အခြေအနေ အချင်းချင်း ယှဉ်ကြည့်ရင် လည်း ဖူကူရှီးမားမှာက ချာနိုင်ဘိုင်း ထက် ၁၀ ပုံ ၁ ပုံ လောက်ပဲ ရှိတာပါ။

ဂျပန် ဝန်ကြီးချုပ် နာအိုတို ကန်ကလည်း ရေဒီယို သတ္တိကြွ ဓါတ်ယိုစိမ့်မှု ပမာဏ အခုအခါ လျော့ကျသွားနေပြီ ဖြစ်ပြီး အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်လာနေပြီလို့ ပြောပါတယ်။