တိုက်ပွဲတွေ ရပ်ဖို့ ရှမ်း အဖွဲ့တွေ တောင်း ဆို

  • 12 ဧပြီ 2011

ရှမ်း ပြည်နယ် အတွင်းမှာ မတ်လ ၁၃ ရက်နေ့ကနေ စတင်တဲ့ မြန်မာ အစိုးရ စစ်တပ်ရဲ့ ထိုးစစ် တွေကြောင့် သီတင်း သုံးပတ် အတွင်း တိုက်ပွဲပေါင်း ၆၅ ကြိမ် ဖြစ်ပွား ခဲ့ပြီး တိုင်းရင်းသား တွေ အတိ ဒုက္ခ ရောက်ကြရတဲ့ အတွက် ဒီတိုက်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ဖို့ ရှမ်း တိုင်းသား အဖွဲ့ ခြောက်ဖွဲ့က တောင်းဆိုလိုက် ပါတယ်။

Image caption ဒီကေဘီအေနဲ့ အစိုးရ စစ်တပ် တိုက်ပွဲတွေ တုန်းက လည်း ဒုက္ခသည်တွေ ထိုင်းဘက်ကို ပြေးခဲ့ကြ

ရှမ်း ကျန်းမာရေး ကော်မီတီ၊ ရှမ်း လူ့ အခွင့်အရေး မှတ်တိုင်၊ ရှမ်း ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး ကော်မီတီ၊ ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ ရှမ်း အမျိုး သမီး ရေးရာ ဆက်သွယ်ရေး အသင်းနဲ့ ရှမ်း လူငယ့် အားမာန် အဖွဲ့ စတဲ့ ရှမ်းတိုင်းရင်းသား အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ပွဲ ဖြစ်ခဲ့တဲ့ နေရာတွေမှာ အစိုးရ စစ်တပ် ဘက်က လူ့ အခွင့် အရေး ချိုးဖောက်မှုတွေရှိတာ သိရတဲ့ အတွက် ဒါတွေကို ရပ်တန်းက ရပ်ဖို့နဲ့ နိုင်ငံတကာ ကလည်း ဝိုင်းဝန်း ဖိအား ပေးကြဖို့ အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်း လိုက်တာပါ။

မြန်မာ အစိုးရ စစ်တပ် က တိုင်းရင်းသား တွေ ကို နေရာ ရွှေ့ပြောင်းခိုင်းတာ၊ ဒေသခံ တိုင်းရင်းသား တွေကို သူတို့ရဲ့ ရှေ့မှ လူသား ဒိုင်း သဖွယ် အသုံးပြုတာ၊ အမျိုး သမီး တွေကို အုပ်စုလိုက် မတော် မတရား သား မယား ပြုကျင့်တာ စတဲ့ လူ့ အခွင့် အရေး ချိုး ဖောက်မှုတွေ ရှိတာကို ကာယကံရှင်တွေ ရဲ့ ပြန်ပြောပြမှုတွေ အရ သိရတယ်လို့ လူငယ့် အားမာန် အဖွဲ့က မရင့်ကော်န် ထိုင်းက ဘီဘီစီကို ပြောပါတယ်။

လူ့ အခွင့် အရေး ချိုးဖောက်မှုတွေကနေ ကင်းလွတ်အောင် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာခဲ့ကြသူတွေ၊ ဒေသတွင်းက တိုင်းရင်းသား တွေနဲ့ ဘုန်းတော်ကြီးတွေ က ပြန်ပြောပြတာ တွေကိုစုစည်း မှတ်တမ်းတင် ထားတာကြောင့် သူတို့ သိရတဲ့ သတင်း အချက်အလက်တွေက မှန်ကန်တယ်လို့ လည်း သူက ပြောပါတယ်။

ဒါတွေဟာ လက်လှမ်း မီသလောက် ရတဲ့ အချက် အလက်တွေသာ ဖြစ်လို့ သူတို့ မသိသေးတဲ့ အဖြစ်တွေ အများကြီး ရှိနေနိုင်သေးတယ်လို့ ယုံကြည်ကြောင်းလည်း မရင့်ကော်န်ထိုင်း က ပြောပါတယ်။

သူသိရ သလောက် ပြည်ပကို ထွက်ပြေး လာကြသူတွေနဲ့ ပြည်တွင်းမှာ ပုန်းခို နေကြတဲ့ ရွာပုန်း ရွာရှောင် တွေ စုစုပေါင်း သုံးထောင် လောက် ရှိတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား တွေ အတိ ဒုက္ခ ရောက်နေကြတဲ့ အဖြစ်မျိုးကနေ ရှောင်ရှား နိုင်အောင် တိုက်ပွဲ တွေ ကို ရပ်တန်းက ရပ်ဖို့ မြန်မာ အစိုးရ စစ်တပ် ကိုရော၊ ရှမ်းပြည် အတွင်းက အက်စ်အက်စ်အေ အဖွဲ့ ဘက်ကိုပါ တိုက်တွန်းတယ် လို့လည်း ရှမ်း အဖွဲ့တွေက ပြောပါတယ်။

ရှမ်းပြည်နယ် အတွင်းက အခြေ အနေတွေကို အခုလို ထုတ်ဖော် ပြောဆိုခြင်း အားဖြင့် နိုင်ငံတကာက ဖိအားတွေ ပေးလာစေဖို့လည်း မျှော်လင့်တယ်လို့ လူငယ့် အားမာန် အဖွဲ့က မရင့်ကော်န် ထိုင်းက ပြောပါတယ်။