စစ်အုပ်ချုပ်ရေးဟာ သူ့ဆန္ဒ အလျောက် ဆုတ်ခွာသွားပြီ ဟု ဦးခင်မောင်ဆွေက ဆို

  • 13 ဧပြီ 2011
U Khin Mg Swe
Image caption ပိတ်ဆို့မှု ရုပ်သိမ်းရေး လိုလားသူ NDF ခေါင်းဆောင်

ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစုရဲ့ နိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ ဘီဘီစီက မေးမြန်းရာမှာ စစ်အုပ်ချုပ်ရေးဟာ သူ့သဘော ဆန္ဒ အလျောက် နောက်ဆုတ်သွားခဲ့ပြီလို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး မနေ့က ထုတ်ပြန်ခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အသစ်အရ အစိုးရသစ်အဖွဲ့ထဲက အရပ်သား ဝန်ကြီးတွေ အပေါ်မှာ ပစ်မှတ်ထား ပိတ်ဆို့မှု မလုပ်ဘူးဆိုတာကလွဲပြီး တခြား ပိတ်ဆို့မှုတွေကို မလျော့ဘဲ ဆက်လက် ထားရှိပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ တောင်းဆိုသူ ရွေးကောက်ပွဲဝင် ဆယ်ပါတီကိုယ်စား အမျိုးသား ဒီမိုကရေစီ အင်အားစုရဲ့ နိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေ ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဥရောပ သမဂ္ဂရဲ့ အခု ဆုံးဖြတ်ချက် အပေါ် ကျေနပ်မှု ရှိပါသလား။

ဦးခင်မောင်ဆွေေ။ ။ အစကတည်းက ကွင်းလုံးကျွတ် ရုပ်ပေးမယ်လို့ မမျှော်လင့်ပါဘူး။ သူတို့ဘက်က တတ်နိုင်သလောက် စပြီးဆောင်ရွက်ပေးတယ်လို့ ရှုမြင်ပါတယ်။ ဒီနိုင်ငံကို ပိတ်ထားဖို့ လိုတယ်လို့ မြင်ရင် ဘယ်ဟာမှ မလွှတ်ဘဲ ပိတ်ထားမှာပါ။ အခုလို နည်းနည်းလျော့လာတာဟာ ပိတ်ဆို့တာ ကို ပြန်လည် စဉ်းစားဖို့ လိုလာပြီဆိုတာကို ပြလာတဲ့ လက္ခဏာလို့ ထင်ပါတယ်။

ဘီဘီစီ။ ။ ဥရောပ သမဂ္ဂအတွင်းမှာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် ပိတ်ဆို့ရေး ဆက်ထားသင့်တယ်လို့ မြင်သူတွေက ပိုများလို့ အခုလို ပိတ်ဆို့တဲ့ဘက်က အနိုင်ရသွားတယ်လို့ သုံးသပ်ကြပါတယ်။ ဦးခင်မောင်ဆွေတို့ အနေနဲ့ရော ပိတ်ဆို့အရေးယူမှုဟာ ဒီမိုကရေစီ အရေးကို တစုံတရာ အထောက်အကူပြုနိုင်တယ်လို့ ထည့်သွင်းစဉ်းစားတာမျိုး ရှိပါသလား။

ဦးခင်မောင်ဆွေ။ ။ ပိတ်ဆို့ရေးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဖြစ်ထွန်းအောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ခဲ့တယ်။ အဲဒါလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကပါ။

ထောင်ထဲမှာ ကျွန်တော် ၁၆ နှစ်ခွဲလောက် နေခဲ့တယ်။ ပြန်ထွက်လာတော့လည်း ဒီတိုင်းပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်လာတာ မတွေ့ရပါဘူး။ ဒီတော့ ပိတ်ဆို့တာက တခြား၊ ဒီမိုကရေစီက တခြား။

ပိတ်ဆို့ရေးဟာ သူတို့ ပစ်မှတ်ထားတဲ့ အာဏာပိုင် အသိုင်းအဝိုင်းကို မထိခိုက်ဘဲ၊ သူတို့ကို ပစ်မှတ်ထားတယ်ဆိုပြီး နာမည်ပျက်ရုံပဲ ရှိပါတယ်။

တကယ်တန်း ထိခိုက်နေတာက ပြည်သူတွေကိုပါ။

ဘီဘီစီ။ ။ ပိတ်ဆို့ရေးဟာ အာဏာပိုင်တွေကို မထိခိုက်ဘူး ဆိုပေမယ့် အာဏာပိုင်တွေက ပိတ်ဆို့ရေးရုပ်သိမ်းဖို့ အထူးလိုလားနေတာ တွေ့ရပါတယ်။ ပိတ်ဆို့ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက် တိုက်ခိုက်နေတာလည်း တွေ့ရပါတယ်။ အဲဒါကရော ဘာ့ကြောင့်လဲ။

ဦးခင်မောင်ဆွေ။ ။ အုပ်ချုပ်ရေးက ပြောင်းသွားပြီလေ။ နောက်ကနေ ကြိုးကိုင်ထားတယ် ပြောပြော ကြိုးကိုင်မထားဘူးပြောပြော၊ ပြည်သူတွေက မဲပေးထားတဲ့လူတွေလေဗျာ။

ရွေးကောက်ပွဲဟာ တရားမျှတတယ် ပြောပြော၊ တရားမျှတမှု မရှိဘူး ပြောပြော၊ မဲပေးခွင့်ရှိသူရဲ့ ၅၀ ရာခိုင်နှုန်း အထက်က မဲပေးလိုက်ပြီ။

မဲပေးထားတော့ ပြည်သူ့ကိုယ်စား သူတို့က ပြောရတော့မယ်၊ မပြောဘဲနဲ့ မှိန်းနေလို့ မရတော့ဘူး။

ဘီဘီစီ။ ။ ဒါဆိုရင် အစိုးရခေါင်းဆောင် ပိုင်းတွေက ပိတ်ဆို့ရေးကို ကန့်ကွက်နေတာက ပြည်သူတွေ နစ်နာမှာစိုးလို့ ကန့်ကွက်နေတာလို့ ဆိုချင်တာလား ခင်ဗျ။

ဦးခင်မောင်ဆွေ။ ။ ပိတ်ဆို့ထားတဲ့ စစ်ခေါင်းဆောင်တွေမှာ ဘာမှ ထိခိုက်နစ်နာမှု မရှိဘူးဆိုတာ လူတိုင်း မြင်နိုင်ပါတယ်။ တိုးပွားသထက် တိုးပွား ကြီးပွားသထက် ကြီးပွားနေတာပဲ။

ဘီဘီစီ။ ။ ရွေးကောက်ပွဲဝင်တဲ့ ဆယ်ပါတီက ရုပ်သိမ်းရေးကို တောင်းဆိုကြတာဟာ ရွေးကောက်ပွဲဝင်ပြီးမှ အစိုးရနဲ့ ပြေလည်ချင်လို့ ပြောင်းလဲလာတာလို့ ပြောနေကြပါတယ်။ ဒီလို ပြောင်းလဲမှုမျိုး ရှိပါသလား။

ဦးခင်မောင်ဆွေ။ ။ အစိုးရနဲ့ သင့်မြတ်ချင်တယ်ဆိုတာက ဒီလိုပါ။ စစ်အုပ်ချုပ်ရေးကို ကျွန်တော်တို့ ပါတီ အပါအဝင် အားလုံးသော ဒီမိုကရေစီ အင်အားစု ပြည်တွင်းအင်အားစု၊ ပြည်ပအင်အားစု အားလုံး ဘယ်တယောက်ရဲ့ စွမ်းဆောင်ချက် ကြောင့် စစ်အုပ်ချုပ်ရေးဟာ နောက်ဆုတ်သွားတာလဲ။ ဘယ်တယောက် ဘယ်ပါတီရဲ့ စွမ်းဆောင်ချက် ကြောင့် ပပျောက်သွားတာလဲ။

ဘယ်တယောက် ဘယ်ပါတီရဲ့စွမ်းဆောင်ချက်ကြောင့်မှ ပျောက်သွားတာမဟုတ်ဘဲ၊ စစ်အုပ်ချုပ်ရေး ကိုယ်တိုင်က သူတို့ဟာ သူတို့ နောက်ဆုတ်ချင်တဲ့ အခါကျမှာ ရွေ့သွားတာဖြစ်တယ်။ အဲဒီ အရွေ့အပေါ်မှာ ကျွန်တော်တို့က ရပ်တည်ပြီး ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းပေါ်ကို လျှောက်တာဟာ တိုင်းပြည်နဲ့ ပြည်သူအကျိုးကို မျှော်ကိုးတာဖြစ်ပါတယ်။

အာဏာပိုင် အသိုင်းအဝိုင်းနဲ့ ပလဲနံပသင့်ချင်လို့ ပလူးပလဲ လုပ်ချင်လို့ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ နောက်ကြောင်းတွေရော၊ ရှေ့ကြောင်းတွေရော၊ သွားနေတဲ့ နိုင်ငံရေး လမ်းကြောင်းတွေကိုပါ ကြည့်ရင် သိနိုင်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နဲ့ အင်တာဗျူးကိုလည်း ဗုဒ္ဓဟူးနေ့ အသံလွှင့် အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။ ဦးခင်မောင်ဆွေနဲ့ အင်တာဗျူး ကိုလည်း အသံနဲ့ နားဆင်နိုင်ပါတယ်။