ပထမဦးဆုံး အညတရ သူရဲကောင်းဆု

  • 14 ဧပြီ 2011

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ပထမဦးဆုံးအကြိမ် ပေးအပ် တဲ့ အညတရသူရဲကောင်းဆုကို မြန်မာပြည်တွင်းက အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၃ ဦးက ရရှိသွားပါတယ်။

Image caption ဆုချီးမြှင့်ရေး ကော်မတီ ပထမအကြိမ် အစည်း အဝေးမှာ လှူဒါန်းမှုတွေရှိခဲ့ပါတယ်

ဆုရရှိသူတွေကတော့ အင်းစိန် (၅) တိုက်မှာ ရောက်နေတဲ့ ဦးခင်ဝင်း (ခ) ဘိုးတော်ခင်ဝင်း၊ လားရှိုးအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မဂ္ဂင်ကျောင်းတိုက် ဆရာတော် ဦးအိန္ဒက (ခ) ဦးအောင်သန်းမြင့်နဲ့ မအူပင်ထောင်က ကိုသန်းနိုင်တို့ ဖြစ်ကြပါတယ်။

အခုဆုရရှိသူတွေကို NLD က ဦးဝင်းတင် ဦးဆောင်သော ဆုရွေးချယ်ရေး ကော်မတီက ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့ကြသူတွေရဲ့ စိတ်ဓါတ်နဲ့ စေတနာကို လူတွေပိုမို လေးစားလာစေတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ရွေးချယ်တာလို့ ဆိုပါတယ်။

ဆရာတော် ဦအိန္ဒကဟာ ၈၈ ဒီမိုကရေစီ လိုလားဆန္ဒပြမှုမှာ ပါဝင်ခဲ့လို့ ထောင်ကျခဲ့ရသလို ၂၀၀ရ စက်တင်ဘာ သံဃာ့ အရေးအခင်းမှာလည်း ပါဝင်ခဲ့လို့ လောလောဆယ် ထောင်ဒဏ် ကျခံနေရတဲ့ ဆရာတော်ဖြစ်ပါတယ်။

ဦးခင်ဝင်း (ခ) ဘိုးတော်ခင်ဝင်းကလည်း ဦးသန့် အရေးအခင်း၊ ၁၉၇၆ အလုပ်သမား အရေး အခင်းတွေမှာ ထောင် အကြိမ်ကြိမ် ချခံခဲ့ရသူဖြစ်သလို ၁၉၈၈ နောက်ပိုင်းမှာနဲ့ ၂၀၀၀ပြည့် နောက်ပိုင်းတွေမှာ လှုပ်ရှားမှုတွေ လုပ်ခဲ့လို့ ထောင်ချခံခဲ့ရသူဖြစ်ပါတယ်။

အခုလောလောဆယ် ထောင်ဒဏ် အနှစ် ၂၀ ချခံနေရပါတယ်။

မအူပင်ထောင်မှာ ထောင်ဒဏ် ၁၄နှစ်ကျခံနေရတဲ့ ကိုသန်းနိုင်ဟာလည်း ထောင်ဒဏ် အကြိမ်ကြိမ်ချခံခဲ့ရတဲ့ နိုင်ငံရေးလှုပ်ရှားသူတဦး ဖြစ်ပါတယ်။

ဆုတွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့ကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာန ချုပ်မှာ ကျင်းပပြုလုပ်မယ့် သက်ကြီးပူဇော်ပွဲ အခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဆုအတွက် တဦးလျှင် ကျပ်ငွေ ၁၀ သိန်း ချီးမြှင့်သွားမှာ ဖြစ်ပြီး၊ ဆုရရှိသူတွေရဲ့ ကိုယ်ရေး ရာဇဝင်နဲ့ နိုင်ငံရေး လှုပ်ရှားမှု မှတ်တမ်းများအား ဆုရွေးချယ်ရေး ကော်မတီက ပြုစု ထုတ် ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

Image caption ဆုချီးမြှင့်ရေးကော်မတီကို ဇွန်လကုန်ပိုင်းက တိုကျိုမြို့မှာ ဖွဲ့စည်းခဲ့

မြန်မာပြည်တွင်းမှာ ဆုပေးပွဲအခမ်းအနား ပြီးဆုံးသွားပြီး နောက်မှာတော့ ဂျပန် ဆု ချီးမြှင့်ရေး ကော်မတီက ဆုရရှိသူ အညတရ သူရဲကောင်းများနှင့်တကွ ဆုချီးမြှင့်နိုင်ရေး အတွက် ပါဝင်ကူညီခဲ့ကြသူများ အားလုံးအား ဂုဏ်ပြုပွဲတခု ကျင်းပသွားမယ်လို့ သိရပါတယ်။

တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကိုယ်ကျိုး စွန့် အနစ်နာခံ တိုက်ပွဲဝင်နေကြသူတွေထဲက ထင်ပေါ် ကျော်ကြားခြင်းမရှိ၊ ဂုဏ်ဓနလည်း မရှိတဲ့ သူတွေကို ရွေးချယ်ပြီး အညတရ သူရဲကောင်းဆု ဂုဏ်ပြုချီးမြှင့်သွားဖို့ အတွက် ဂျပန် နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်းကာ ဆုချီးမြှင့်ရေး ကော်မတီတရပ်ကို ၂၀၁၁ ခုနှစ် ဇန္နဝါရီလကုန်ပိုင်း က တိုကျိုမြို့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။