မြန်မာပြည် ဝင်ခွင့် ရဖို့ ကင်တားနား ထပ်ကြိုးစား

  • 14 ဧပြီ 2011
Image caption ကုလသမဂ္ဂရဲ့ မြန်မာပြည် ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား

ကုလ သမဂ္ဂရဲ့ မြန်မာ နိုင်ငံ လူ့ အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားက မြန်မာ နိုင်ငံကို အမြန်ဆုံး သွားရောက်ဖို့ မြန်မာ အစိုးရသစ်ထံမှာ ခွင့် ပြုချက် ထပ်မံ တောင်းခံခဲ့ပါတယ်။

မစ္စတာ ကင်တားနားရဲ့ အခု ခရီးစဉ်က မြန်မာ နိုင်ငံမှာ အရပ်သား အစိုးရသစ် အဖြစ် ပေါ်ပေါက်လာပြီးတဲ့ နောက် ပထမဆုံး အကြိမ် သွားမှာ ဖြစ်လို့ အရေးကြီးပါတယ်။

မစ္စတာ ကင်တားနား ကိုယ်တိုင် အတွက် ဆိုရင်လည်း ကုလသမဂ္ဂ ရဲ့ လူ့ အခွင့် အရေး ကိုယ်စားလှယ် တစ်ယောက် ရဲ့ တာဝန် အရ သက်ဆိုင်ရာ နိုင်ငံကို တစ်နှစ် နှစ်ခေါက်တော့ သွားဖို့ လိုပါတယ်။

မြန်မာ ပြည်သူတွေနဲ့ ထိတွေ့နိုင်တဲ့ အခွင့် အလမ်းတွေ၊ အကျဉ်းထောင်တွေကို သွားရောက် နိုင်ဖို့တွေ အပြင် အစိုးရသစ်နဲ့လည်း တွေ့ဖို့ အတွက် သွားလိုတာ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံကို သွားရရင် လူ့ အခွင့် အရေး အခြေ အနေတွေ ပိုမို ကောင်းမွန် လာအောင် လုပ်ဆောင်နိုင်တဲ့ အခွင့် အလမ်း ရနိုင်မယ်၊ အစီရင်ခံစာ ကိုလည်း ပိုကောင်းကောင်း ရေးနိုင်မယ်၊ မြန်မာ အစိုးရကလည်း အသစ် ပြောင်း သွားပြီး ဖြစ်တာကြောင့် သွားချင်တာပါလို့ ဆိုပါတယ်။

သူ မြန်မာ နိုင်ငံကို သွားခွင့် ရရင် နေအိမ် အကျယ်ချုပ် ကျနေချိန် ကတည်းက တွေ့ဖို့ ကြိုးစားခဲ့တဲ့ ဒေါ် အောင်ဆန်း စုကြည်ကို လွတ်လပ်သူ တစ်ယောက် အဖြစ် တွေ့နိုင်ဖို့လည်း သူ ကြိုးစားမယ်လို့ ပြောပါတယ်။

ခွင့်ပြုချက်ရလို့ သွားဖြစ်မယ် ဆိုရင် အစိုးရနဲ့ ဘာတွေ ဆွေးနွေးမယ်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဘာတွေ ဆွေးနွေး ပြောဆိုမလဲ ဆိုတာကို မစ္စတာ ကင်တားနားက အတိအကျ မပြောပေမဲ့ ကိုယ်တိုင် လူ့ အခွင့် အရေး ချိုးဖောက် ခံရသူ တစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အတွေ့ အကြုံတွေကို သူသိချင်တယ်လို့ ပြောပါတယ်။

မတ်လက ပြုလုပ်ခဲ့တဲ့ လူ့ အခွင့် အရေး ကောင်စီဆွေးနွေးပွဲမှာ တင်ပြခဲ့တဲ့ သူ့ရဲ့ အစီရင်ခံစာမှာ အဓိက ဖော်ပြ ချက် အပြင် မြန်မာ ပြည်သူတွေနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကပါ တောင်းဆို နေတဲ့ နိုင်ငံရေး အကျဉ်းသား တွေ လွှတ်ပေးရေး ကိစ္စကို မြန်မာ အစိုးရနဲ့ ဆွေးနွေးဖြစ် မှာပါလို့ သူက ပြောပါတယ်။

မစ္စတာ ကင်တားနားက မြန်မာ နိုင်ငံကို သွားဖို့ ကြိုးစား နေချိန်မှာ အရင် အစိုးရဟောင်း ဖြစ်တဲ့ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ အစိုးရရဲ့ လူ့ အခွင့် အရေး ချိုးဖောက်မှု မှတ်တမ်း တွေကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို နိုင်ငံတကာ တရားရုံးမှာ ရုံးတင် တရား စွဲဆိုနိုင် ဖို့ ပြောဆို နေကြတာ ဖြစ်တဲ့ အတွက် လာမယ့် စက်တင်ဘာလမှာ ပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းမယ့် သူ့ရဲ့ အစီရင်ခံစာ က အရေးကြီးတဲ့ နေရာက ပါဝင်နိုင်တယ်လို့ ယူဆတာတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ NGO အစိုးရ မဟုတ်တဲ့ အဖွဲ့တွေ၊ လူထု အခြေပြု အဖွဲ့တွေက လူ့ အခွင့် အရေး အခြေ အနေ တွေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာ တွေကို ထုတ်ဖော် ပြောဖို့ လိုပါတယ် ၊ ပြီးခဲ့တဲ့ လူ့ အခွင့်အရေး ကောင်စီ အစည်း အဝေးမှာလည်း ကျနော် တင်ပြခဲ့တဲ့ အတိုင်း မြန်မာ အာဏာပိုင်တွေ ဘက်က ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ၊ ကုလ သမဂ္ဂနဲ့ ဘယ်လောက် ပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာတွေ အပေါ် မူတည်နေပါလို့ မစ္စတာ ကင်တားနားက ဆိုပါတယ်။

မြန်မာ နိုင်ငံတွင်းမှာ လူ့ အခွင့် အရေး ချိုးဖောက်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာ အစိုးရ ကိုယ်တိုင် စုံစမ်း စစ်ဆေးမှု ပြုလုပ်ဖို့ တိုက်တွန်း ထားတဲ့ မစ္စတာ ကင်တားနားက မြန်မာ နိုင်ငံကို သွားဖို့ ခွင့်ပြုချက်တောင်းခံထားတာ တစ်ပတ် လောက်ရှိပြီ ဖြစ်ပေမဲ့ ခုချိန်ထိတော့ အကြောင်း မပြန်သေးဘူးလို့ မစ္စတာ ကင်တားနား က ပြောပါတယ်။