တိုက်ကြီးရှိ ခမရ ၇၀၉နဲ့ ၇၁၀တို့ အပစ်ခံရ

  • 14 ဧပြီ 2011
မြန်မာ့တပ်မတော်စစ်ရေးပြအခမ်းအနား
Image caption နအဖလက်ထက် ၂၀၀၉ ခုနှစ် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား

အင်္ဂါနေ့ည(၈)နာရီလောက်မှာ ရန်ကုန်တိုင်း မှော်ဘီအခြေချ အမှတ်(၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တိုက်ကြီး မြို့မှာရှိတဲ့ ခမရ (၇ဝ၉) တပ်ဖွဲ့ တချို့နဲ့ ခမရ(၇၁ဝ) ပူးပေါင်းတပ်ကို ရန်ကုန်တိုင်း အထူးတပ် တွေက ဝင်ရောက်ပစ်ခတ်ရာမှာ (၃) ဦး ပြင်းထန်စွာ ဒါဏ်ရာရရှိသွားတယ် လို့ ခမရ (၇ဝ၉) က တပ်ကြီးတဦးက ဘီဘီစီကို ပြောပါတယ်၊၊

ဒီပစ်ခတ်မှုဟာ ဒုတိယအကြိမ်အပစ်ခံရတာဖြစ်တယ်လို့ဆိုပါတယ်၊၊ တပ်ကြပ်ကြီးတဦး ပြောတာကတော့ လုံခြုံရေးယူထားတဲ့ ရန်ကုန်တိုင်းကတပ်တွေ ခြံစည်းရိုးနား ကပ်လာစဉ် လှမ်းမေးရာက စတင် ပစ်ခတ်မှုတွေဖြစ်ပြီး ၇၀၉ ဘက်မှ ရဲဘော်သုံးယောက် ပြင်းထန်စွာ ဒဏ်ရာရတယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုကိစ္စနဲ့ ပါတ်သက်ပြီး တိုင်းမှုးအပါဝင် ဒကစမှုး ဗိုလ်မှုးကြီးအောင်သီဟကိုယ်တိုင် တပ်ရင်းရုံး အထိ လာရောက် ဖြေရှင်းပေမဲ့ အဖြေတစုံတရာ မရရှိဘူးလို့ ဆိုပါတယ်၊၊

အဖြေမရတဲ့အတွက် ရန်ကုန်တိုင်းဘက်က လက်နက်ကြီးတွေနဲ့ စစ်အင်အား တိုးချဲ့ထား သလို ခမရ ၇၀၉ နဲ့ ၇၁၀ တို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည် ပြင်ဆင်ထားတယ်လို့ အဲဒီတပ်ကြပ်ကြီးက ဆက်ပြောပါတယ်။

ပထမအကြိမ် ပစ်ခတ်မှုတုန်းကတော့ တပ်ကြပ်ကြီးတဦး ပွဲချင်းပြီးသေဆုံးပြီး တဦးဒါဏ်ရာ ရရှိသွားပါတယ်၊၊ တကယ်တော့ဒီပြသနာဟာ ခမရ (၇ဝ၉) တပ်ဖွဲ့နဲ့ ခမရ (၇၁ဝ) တပ်တွေ ပူးပေါင်း တောင်းဆိုထားတဲ့ အချက်(၄) ချက်ကြောင့် စတင် တင်းမာ သွားတာဖြစ်ပါတယ်၊၊

အဲဒီတောင်းဆိုချက်တွေကတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးဖို့၊ ပြီးတော့ စစ်မှုထမ်းဟောင်းဥပဒေကို ပြင်ဆင်ပြီးလစာတိုးပေးဖို့ အပါဝင် နိုင်ငံတွင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့နဲ့ ပြည်သူတွေ ထောက်ခံတဲ့ အစိုးရမျိုး ပြန်လည်ဖွဲ့စည်းပေးဖို့ ဆိုတဲ့ အချက်တွေကို ရန်ကုန်တိုင်း တိုင်းမှုးထံ တင်ပြရာက တင်းမာ လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။