မဟာ သင်္ကြန် ပွဲတော် ကျင်းပ ဆင်နွှဲ

  • 14 ဧပြီ 2011
mandalay thingyan ဓာတ်ပုံ မူပိုင် bbc
Image caption မန္တလေး သင်္ကြန် မနှစ်ကလောက် မစည်

ဒီကနေ့ ဧပြီလ ၁၄ ရက်ဟာ မဟာ သင်္ကြန် အကျနေ့ ဖြစ်တာမို့ ပြည်တွင်း ပြည်ပမှာ ရှိတဲ့ မြန်မာလူမျိုးတွေ သင်္ကြန်ပွဲ ဆင်နွှဲ နေကြပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီးနဲ့ အင်းယားလမ်း တလျှောက်မှာ ဖျော်ဖြေရေး မဏ္ဍပ်တွေ ရှိပေမဲ့ မနှစ်ကလောက်တော့ မစည်ဘူးလို့ မြို့ထဲ ရေပက်ခံ ထွက်ကစားခဲ့သူ တဦးက ပြောပြ ပါတယ်။

မနှစ်တုန်းက X20 သင်္ကြန် မဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့အပြီး အခုနှစ် သင်္ကြန် မဏ္ဍပ်တွေမှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ဖို့ အာဏာပိုင်တွေက ညွန်ကြားထားတဲ့ အတွက် ကုန်ကျစရိတ် မခံနိုင်သူတွေက မဏ္ဍပ် မဖွင့်တော့တာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာတော့ ကျုံးနား တဝိုက်မှာ ခါတိုင်းနှစ်တွေလို စည်ကားပေမဲ့ မြို့ထဲမှာတော့ ခြောက်ကပ်နေတယ်လို့ မန္တလေး မြို့ခံတဦးက ဘီဘီစီကို ပြောပါတယ်။

ခါတိုင်းနှစ်တွေနဲ့စာရင် ရေကစားသူ နည်းတာ တွေ့ရပြီး တရားစခန်းဝင်သူတွေ၊ ဒုလ္လဘ ရဟန်းခံသူတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

ကျုံးပတ်ဝန်းကျင်မှာ လမ်းစည်းကမ်းကို ဒီနှစ် တင်းတင်းကြပ်ကြပ် ထိန်းသိမ်းတဲ့အတွက် ယာဉ်ကြော ပိတ်ဆို့မှု နည်းတယ်လို့လည်း ပြောပြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ ရခိုင် အစဉ်အလာအတိုင်း ရေကစား မဏ္ဍပ်တွေမှာ လှေတွေမှာ ရေဖြည့် ကစားခဲ့ကြပြီး ဒီလို ရခိုင်ရိုးရာ အစဉ်အလာအတိုင်း ရေကစားတာဟာ နှစ်ပေါင်း ဆယ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ စစ်တွေ မြို့ခံတဦးက ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption အိန္ဒိယရောက် မြန်မာ ကလေးငယ်တွေ သင်္ကြန်ယိမ်း ကနေကြပုံ

အခု တက်လာတဲ့ အစိုးရသစ်အနေနဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ရိုးရာတွေကို အားပေးမယ်လို့ ပြောခဲ့အပြီးမှာ အခုလို ရခိုင်ရိုးရာ မဏ္ဍပ်တွေ ပေါ်လာတာ လို့လည်း ဆိုပါတယ်။

တခါ တရုတ် မြန်မာ နယ်စပ် တလျှောက်မှာလည်း သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပနေကြပြီး တိုင်ရှမ်း၊ ဂျိန်းဖေါ ကချင်နဲ့ ပလောင် လူမျိုးတွေ အများအပြား နေထိုင်နေကြတဲ့ ရွှေလီမြို့မှာလည်း ဒီကနေ့ မနက်က ရွှေလီ အုပ်ချုပ်ရေးအဖွဲ့ ကိုယ်တိုင် သင်္ကြန် ပွဲတော် အခမ်းအနားကို ဖွင့်လှစ်ပေး ခဲ့တယ်လို့ သိရပါတယ်။

မြန်မာဖက်ခြမ်း မူဆယ်၊ နမ့်ခမ်းမြို့တွေမှာ ရှိတဲ့ ရှမ်းလူမျိုးတွေကလည်း ရှမ်းရိုးရာ ထုံးစံ အတိုင်း မနေ့ကတည်းက စလို့ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပနေကြပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကလည်း သင်္ကြန်ယိမ်းက၊ သံချပ်ထိုးပြီး သင်္ကြန်ပွဲ ဆင်နွဲခဲ့ကြသလို စတုဒီတာ ကျွေးပွဲတွေ၊ သက်ကြီး ပူဇော်ပွဲတွေ လုပ်ခဲ့ကြပါတယ်။

မြန်မာလူမျိုးတွေ အများအပြား နေထိုင်နေရာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာတော့ ငလျင်နဲ့ ဆူနာမီဒဏ်တွေ ကြောင့် မြန်မာ သင်္ကြန်ပွဲတော်ကို လောလောဆယ် မကျင်းပနိုင်ပဲ မေလကျမှ ကျင်းပဖို့ စီစဉ်ထားတယ်လို့ တိုကျို မြို့က မြန်မာ လူမျိုးတဦးက ပြောပါတယ်။

ဒါပေမဲ့ တိုကျိုမြို့က မင်္ဂလာဒိုး အနုပညာရှင် အင်အားစုကတော့ ခါတိုင်းနှစ်တွေလိုပဲ ရိုးရာမပျက် သင်္ကြန် သံချပ်တွေ ထုတ်ခဲ့ပါတယ်။

ဒီနှစ် မင်္ဂလာဒိုးရဲ့ သံချပ်တွေထဲမှာ လွှတ်တော်ကိစ္စ၊ စစ်မှုထမ်း ဥပဒေကိစ္စနဲ့ ဒီနှစ် ဂျပန် ဆူနာမီအကြောင်းတွေကို ထည့်သွင်း စပ်ဆိုထားတယ်လို့ မင်္ဂလာဒိုး အနုပညာရှင် အင်အားစု ခေါင်းဆောင် ဦးမျိုးသန့်က ဘီဘီစီကို ပြောပါတယ်။