မှော်ဘီတပ်မှာ ပစ်ခတ်မှုကြောင့် လူသေဆုံး

  • 15 ဧပြီ 2011

ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ မှော်ဘီအခြေစိုက် ခလရ (၉၁)တပ်ရင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အတွက် တပ်ခွဲမှုးတစ်ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၃)ရက် ဗုဒ္ခဟူးနေ့ မနက်က တပ်ရင်း ပြင်ပက လုံခြုံရေး တပ်ဖွဲ့ တွေရဲ့ ပစ်ခတ်မှု ကြောင့် ခလရ (၉၁) တပ်ခွဲမှူး ဗိုလ်ကြီး အောင်မျိုးမင်း ကျဆုံး သွားတယ် လို့ အဲဒီ တပ်က တပ်သား တစ်ယောက်က ဘီဘီစီကို ပြောပါတယ်၊၊

Image caption တပ်သား အများစု စားဝတ်နေရေး ကြပ်တည်းတာ ကြောင့် မကျေနပ် မှုတွေ ဖြစ်လာ

သူ တပ်ဝန်း အပြင်ကို ထွက်သွားပြီး (၁၅) မိနစ် အကြာမှာ ပစ်ခတ်သံတွေ ကြားရပြီး တဲ့နောက် တပ်ရင်းမှူးက တာဝန်ကျ တပ်သား တွေကို သွားရောက် စစ်ဆေးခိုင်းတော့ တပ်ခွဲမှူး ဗိုလ်ကြီး အောင်မျိုးမင်းကို တပ်ရင်းရဲ့ နောက်ဖေး ခြံစည်းရိုးအပြင်ဖက် ကိုက်(၁၅ဝ) လောက်အကွာမှာ သူ့ရဲ့ပစ္စတို ကိုင်ထားလျက်နဲ့ သေဆုံး နေတာ တွေ့ကြ ရတယ်လို့ အဲဒီနေရာကို သွားရောက် ရှင်းလင်း ခဲ့တဲ့ ခလရ(၉၁) တပ်သားက ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ခဲ့တဲ့နေ့ နေ့လည်(၁၁)နာရီက ရန်ကုန်တိုင်း တိုင်းမှုးနဲ့ အဖွဲ့ဟာ ဗိုလ်ကြီး အောင်မျိုးမင်း ကျဆုံးခဲ့တဲ့ နေရာ အထိ လာရောက် စစ်ဆေးခဲ့ ပေမဲ့ ပြဿနာ ဖြေရှင်းမှုတွေ မပြေလည် သေးဘူးလို့လည်း သူက ပြောပါတယ်။

အခုလို ပစ်ခတ် မှု ဖြစ်ပြီး လူသေဆုံးတဲ့ အထိ ဖြစ်ရတဲ့ ပြသနာဟာ ပြီးခဲ့တဲ့ မတ်လ(၂၈)ရက်နေ့တုန်းက တပ်တွင်း ကနေ ထုတ်ဖော် တောင်းဆို လိုက်တဲ့ အချက်(၄)ချက် ကြောင့် စတင် ဖြစ်တာလို့ ဆိုနိုင် ပါတယ်။

အဲဒီ တောင်းဆိုမှုတွေ နောက်ပိုင်း မတ်လ(၃၁)ရက်နေ့က ခလရ (၉၁) ကို လုံခြုံရေး ယူထားတဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် အထူးတပ် တွေက စတင် ပစ်ခတ် မှု ဖြစ်ခဲ့လို့ (၁၅)မိနစ် လောက် ကြာအောင် လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ ပါသေးတယ်၊၊

အဲဒီနောက် ဧပြီလ(၃)ရက်နေ့ ကတော့ ရန်ကုန်တိုင်း တိုင်းမှုး ကိုယ်တိုင်က စစ်သား တွေရဲ့ တောင်းဆိုမှု တွေကို လိုက်လျော တဲ့အနေနဲ့ ရိက္ခာနဲ့ ရန်ပုံငွေ တချို့ကို ချပေး ပါတယ်။

ဒါပေမဲ့ တပ်သားတွေဘက်က ရိက္ခာကိုသာ လက်ခံပြီး တိုင်းမှူး ဘက်က တောင်း ဆိုချက်ကို မလိုက်လျောနိုင်တဲ့ အတွက် ဆက်လက်ပြီး အခြေ အနေ တင်းမာ လာနေရာက အခုလို တပ်ခွဲမှူး ဗိုလ်ကြီး တစ်ယောက် ကျဆုံးတဲ့ အထိ ပစ်ခတ်မှုတွေ ဖြစ်လာခဲ့ ပါတယ်။