သမ္မတ က အဆိုပြုလိုက်တဲ့ မြန်မာပြည် အတွက်အထူး ကိုယ်စားလည်

  • 15 ဧပြီ 2011
Derek Mitchell ဓာတ်ပုံ မူပိုင် state dept
Image caption မြန်မာပြည် ဆိုင်ရာ အမေရိကန် ပေါ်လစီ ချမှတ် ရေး မှာ အရေးကြီး ပုဂ္ဂိုလ် ဖြစ်လာမယ့် မစ္စတာ ဒဲရက် မစ်ချဲလ် (Photo: အမေရိကန် နိုင်ငံခြား ရေး ဌာန)

မြန်မာနိုင်ငံ ဆိုင်ရာ ပထမဆုံး အမေရိကန် အထူး သံတမန် အဖြစ် အမေရိကန် ကာကွယ်ရေး ဌာန အရာရှိ ဒဲရက် မစ်ချဲလ် Derek Mitchell ကို သမ္မတ အိုဘားမား က အဆိုပြု လိုက် ပါတယ်။

သမ္မတ အိုဘားမား အစိုးရ က မြန်မာ စစ် ခေါင်းဆောင်တွေကို ဖယ်ကြဉ်ထားဖို့ ဆိုတဲ့ အချိန် အတန်ကြာ စွဲကိုင်လာခဲ့တဲ့ အမေရိကန် မူဝါဒတွေကို ပြောင်းလဲ ကျင့်သုံး လာ ခဲ့ပါတယ်။

အခုလို မြန်မာ နိုင်ငံဆိုင်ရာ ပထမဆုံး အမေရိကန် အထူး သံတမန် ခန့်အပ် လိုက်ခြင်း အားဖြင့် အမေရိကန် အစိုးရက မြန်မာ နိုင်ငံရဲ့ အရေး ကိစ္စကို ပိုမို အလေးထား စောင့်ကြည့် လာတယ်ဆို တဲ့ လက္ခဏာ ဖြစ်တယ်လို့ မြန်မာ့အရေး စောင့်ကြည့် သုံးသပ်သူ ဒေါက်တာ မင်းဇော်ဦး က ဘီဘီစီ ကို ပြောပါတယ်။

လူ့အခွင့်အရေး ဒီမိုကရေစီရေး ဆိုတာတွေထက် ထက် ဒေသအတွင်း တရုတ် နဲ့ အိန္ဒိယ အခြေ အနေ တွေ က မြန်မာနိုင်ငံ နဲ့ ဆက်နွယ်ပြီး ကြည့်ဘို့ လိုအပ် လာပြီ လို့ အမေရိကန် က ယူဆလာတဲ့ အတွက် အခုလို လုပ်လာတာ လို့လည်း သူ က ပြော ပါတယ်။

မြန်မာ နိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေ၊ မြောက်ကိုရီးယားနဲ့ လက်နက် ကုန်သွယ်မှု ကိစ္စတွေနဲ့ ပတ်သက်လို့လည်း အမေရိကန် အစိုးရ က စိုးရိမ် မကင်း ဖြစ်နေတယ်လို့ ဝါရှင်တန် က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီရာထူး အတွက် လူ တဦး ခန့်ထားဖို့ ၂၀၀၈ ခုနှစ် ကတည်းက ကွန်ဂရက်ကနေ အတည်ပြု ပေးထားခဲ့ပြီး ဖြစ်ပေမဲ့ တဦး တယောက် ကိုမှ ခန့်ထားခဲ့ခြင်း အရင်က မရှိသေး ပါဘူး။

မစ္စတာ ဒဲရက် မစ်ချဲလ် ဟာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အာရှပစိဖိတ် လုံခြုံရေးဆိုင်ရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး အဖြစ် လက်ရှိ ဆောင်ရွက် နေသူ ဖြစ်ပြီး အိုဘားမား အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြံပေး အရာရှိ အဖြစ်လည်း သူ ဆောင်ရွက် ခဲ့ဖူး ပါတယ်။

ဒီတော့ သူဟာ အမေရိကန် အစိုးရ အတွက် ဘာ လိုအပ်တယ် ဆိုတာကို သေသေချာချာ ထဲထဲ ဝင်ဝင် သိနားလည် သူ တဦး ပါ။

ဒါ့အပြင် သူဟာ ဗမာပြည်ကို အလည်ရောက်ခဲ့ဖူး ပြီး ဒေါ်အောင်ဆန်း စုကြည် နဲ့ လည်း တွေ့ခဲ့ဖူးသူ တယောက် ဖြစ်ပါတယ်။

သူဟာ မြန်မာပြည် နဲ့လည်း မစိမ်းလှသူ တယောက်လို့ ဆိုရမှာ ဖြစ်သလို တရုတ်၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား၊ ဟောင်ကောင် တို့မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ တာဝန်ခံ ပုဂ္ဂိုလ် (Senior Country Director) အဖြစ် တာဝန်ယူ ခဲ့ဖူးသူဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ၊ မလေးရှား၊ ဘရူနိုင်း၊ စင်္ကာပူစတဲ့ အာဆီယံ နိုင်ငံတွေရဲ့ (Senior Country Director) အဖြစ် လည်း တာဝန်ယူ ခဲ့ဖူး သူ ဖြစ်တဲ့ အတွက် အာဆီယံ အရေး ကိုလည်း သိနားလည်သူ တယောက် လို့ ဆိုရ ပါမယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ 1998 ခုနှစ် အတွက် အရှေ့အာရှ သေနင်္ဂဗျူဟာ ဆိုင်ရာ အစီရင်ခံစာကို ပြုစုကြရာမှာ သူ က အဓိက ရေးသားသူ လည်း ဖြစ် ပါတယ်။

မြန်မာ အစိုးရအပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှု အပါအဝင် အမေရိကန် ပေါ်လစီ ကို ပြန်လည် သုံးသပ်ရေး အတွက် အရေးပါဆုံးပုဂ္ဂိုလ် ဟာ သူ ဖြစ်လာ လိမ့် မယ် လို့ လူအများ က နားလည် ထားကြ ပါတယ်။