ကချင်ပြည်နယ်မှာ လက်ဝါးကပ်တိုင်ရွှေ့ပြောင်းခိုင်း

  • 16 ဧပြီ 2011
_religion
Image caption ခရစ်ယန် လက်ဝါးကပ်တိုင်

ကချင် နှစ်ချင်းခရစ်ယန် နဲ့ ကချင် ရိုမန်ကက်သလစ် ဘာသာဝင်တို့ ပူးပေါင်းပြီး ဧရာဝတီ မြစ်ဆုံ အနီး တောင်ကုန်းတခုပေါ် တည်ထားတဲ့ ခရစ်ယန် လက်ဝါးကပ်တိုင်ကြီး နှစ်ခု ကို မြစ်ဆုံရေကာတာ ဆောက်လုပ်နေတဲ့ မြန်မာအေးရှားဝေါလ် ကုမ္ပဏီနဲ့ တရုတ်ရင်းနှီးမြှုပ်မှု ကုမ္ပဏီ စီပီအိုင် တို့က ရွှေ့ပြောင်းပေးဖို့ ဖိအားပေးနေပါတယ်။

ခရစ်ယန် ဘာသာရေး ခေါင်းဆောင်တွေ ဖက်ကလဲ လက်ဝါးကပ်တိုင်ကြီး နှစ်ခု ကို ပြောင်းပေးဖို့ ငြင်းဆိုတဲ့ အတွက်၊ စီးပွားရေး ကုမ္ပဏီ နှစ်ခု နဲ့ အငြင်းပွားနေပါတယ်။

ဒေသခံ အာဏာပိုင် မြောက်ပိုင်းတိုင်း တိုင်းမှူး ကို အေးရှားဝေါလ်နဲ့ စီပီအိုင် ကုမ္ပဏီ တို့က အဆိုပါ ကိစ္စ တိုင်တန်းရာမှာ တိုင်းမှူးက ဒေသခံတွေ၊ ခရစ်ယန် အသင်းတော်တွေ က ရွှေ့ပြောင်းဖို့ သဘောမတူရင်၊ မရွှေ့စေနဲ့ လို့ ပြောကြောင်း ကေအင်ဂျီ ကချင်သတင်းဌာန မှ အယ်ဒီတာ ကိုနော်ဒင် က ဘီဘီစီ ကို ပြောပြပါတယ်။

မြစ်ကြီးနား မြို့တော်ခန်းမမှာ ဧပြီလ ၁၂ ရက်နေ့က အဆိုပါ ကိစ္စ ဖြေရှင်းရေး နှစ်ဖက် ဆွေးနွေးကြပေမဲ့ ဆုံးဖြတ်ချက် ဆိုင်းငံ့ထားလို့ ပြဿနာ ရှိဆဲ ဖြစ်ကြောင်း ကိုနော်ဒင် က ရှင်းပြပါတယ်။