လွတ်မြောက်မှု၊ အင်ဂျီအို အကြောင်း ဒေါ်စုပြော

  • 16 ဧပြီ 2011
Suu Kyi

ဘရိုက်တန်မြို့မှာ ရှေ့လမှာ လုပ်မဲ့ အနု ပညာ ပွဲတော်မှာ ဧည့်ဒါရိုက်တာ အဖြစ် ရွေးချယ်ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်က ဒီပွဲကို သူကိုယ်တိုင် မလာနိုင်တဲ့ အတွက် သူ့အကြောင်း ရန်ကုန်လာပြီး မှတ်တမ်းတင် ရုပ်ရှင် လာရိုက်ရင် တွေ့ဆုံ မေးမြန်းပါတယ်။

အဲဒိမှာ အနုပညာကတဆင့် လွတ်လပ်မှုဟာ ဘယ်လောက် အရေးကြီးလဲဆိုတာ လူတွေ နားလည်လာအောင် လုပ်နိုင်ရင် မြန်မာ့ ဒီမိုကရေစီရေးအတွက် ကြီးကြီးမားမား အထောက် အကူ ဖြစ်စေမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နောက်တခါ အရှေ့အလယ်ပိုင်းမှာ လတ်တလော ဖြစ်ပျက်နေတဲ့ လူထု အုံကြွမှုတွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည် သဘောထားကို သိခဲ့ရပါတယ်။

လူတွေဟာ ဘယ်လောက်ပဲ ဖိနှိပ်ခံရ ခံရ တချိန်မှာ တော်လောက်ပြီ ငါတော့ ဆက်ပြီး သည်းမခံတော့ဘူးဆိုတဲ့ အဆင့်ကို ရောက်ရင် ဒါမျိုး ဖြစ်လာမှာဘဲလို့ ဆိုပါတယ်။

ဆိုတော့ ဗမာပြည်မှာရော အဲ့ဒိ ဆက်ပြီး သည်းမခံနိုင်တော့တဲ့ အဆင့်ကို ရောက်ပြီလားလို့ မေးလာရင်ရော။

မြန်မာပြည်သူလူထု အထူးသဖြင့် လူငယ်တွေဟာ ခုဆိုရင် သူ့ တယောက်ထဲကို အားကိုးလို့ မရတာကို သဘောပေါက်လာကြတယ်၊ အပြောင်းအလဲ ဖြစ်ချင်ရင် သူတို့ကိုယ်တိုင် ဝင်လုပ်မှ ရမှာကို သိလာကြပါတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြောက်ရွံခြင်းမှာ လွတ်မြောက်ရေး freedom from fear ထဲမှာ လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုပုံကို ခုဒီ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က တခါ ထပ်ဖွင့်ဆိုရှင်းပြသွားတာလည်း တွေ့ရပါတယ်။

လွတ်မြောက်တယ်ဆိုတာဘာလဲ၊ အဟန့်အတား မရှိ သွားနိုင် လာနိုင်တာ သက်သက်ကို လွတ်မြောက်တယ်လို့ ခေါ်လို့ မရဘူး၊ ကိုယ့်စိတ်က မလွတ်မြောက်ရင်၊ တနည်းအားဖြင့် ကိုယ်မယုံကြည်တာကို လုပ်နေရတဲ့ လူတယောက်ကို လွတ်မြောက်တဲ့လူလို့ ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ချင်မှ သတ်မှတ်မှာပါ။

တဘက်မှာ ကိုယ့်ယုံကြည်ချက်ကို ဘယ်လို ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ မစွန့်လွှတ်ဘဲ ဆုပ်ကိုင်ထားတဲ့လူ၊ ကိုယ့် ယုံကြည်ချက်ပေါ် သစ္စာရှိတဲ့ လူတယောက်ဟာ သံတိုင်တွေ နောက်ကွယ် ရောက်နေသော်ငြားလည်း၊ အချုပ် အနှောင်ခံနေရသော်ငြားလည်း လွတ်လပ်တဲ့လူလို့ သူက သတ်မှတ်ပါတယ်။

အဲဒိအတွက်ကြောင့်ပဲ သူအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေဟာ ရုပ်ပိုင်း ဆိုင်ရာ ဖမ်းဆီးချုပ်နှောင် ခံနေရပေမယ့် သူတို့ စိတ်ဓာတ်က ကိုယ့်ယုံကြည်ချက်ပေါ် သစ္စာ မဖောက်သရွေ့ သူတို့ဟာ အပြင်မှာ လှုပ်ရှားသွားလာနေတဲ့ လူတွေထက်တောင် ပိုပြီး လွတ်လပ်သေးတယ်လို့ သူက သတ်မှတ်ပါတယ်။

နောက်တခါ မြန်မာ ပြည်ထဲမှာ အစိုးရိမ်လွန်တဲ့ အင်ဂျီအိုတွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အတော့်ကို စိတ်တိုင်းကျပုံ မရဘူးလို့ သူ့ကို တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းထောက်က ပြောပါတယ်။

အင်ဂျီအိုတွေက capacity building တို့၊ human development တို့လို ခေါင်းမူးချင်စရာ စကားစုတွေ သုံးနေတာ ကြားနေရတာပဲ။ ပြောခဲ့သလို ဝန်ထမ်းတွေ လုပ်ရည်ကိုင်ရည် မြှင့်တင်ဖို့တွေ ပြောနေပေမယ့် မြန်မာပြည်မှာ လာဘ်မပေးဘဲ ဘယ်သူကမှ အလုပ်မလုပ်ကြဘူး။

နောက်တခါ အင်ဂျီအိုတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်ရင် အလိုလို လက်ရှောင်ချင်နေတာကို ဒေါ်စုက အထင်သေးပုံရပါတယ်။

လူမှန်ရင် တဘက်ဘက်မှာ ရပ်ရမယ်၊ တချို့က ပြောကြတယ်၊ အင်အယ်လဒီဟာ ပျော့ပြောင်းမှု မရှိဘူးလို့ စွပ်စွဲကြတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေက အင်အယ်ဒီဟာ စိတ်ဓာတ်ပိုင်းအရတော့ ပျော့ပြောင်းနိုင်ပေမယ့်၊ ရပ်တည်ချက်နဲ့ ပတ်သက်လာရင်တော့ မပျော့ပြောင်းနိုင်ဘူး၊ ဒူးထောက်ခိုင်းတာမျိုးကိုတော့ မပျော့ ပြောင်းနိုင်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။