အတာသင်္ကြန် အတက်နေ့ ပျော်ရွှင်ဆင်နွှဲ

  • 16 ဧပြီ 2011
Image caption မန္တလေးသင်္ကြန်မှာ အခုလို နန်းဆန်တဲ့ မန်းဟန် ယဉ်ကျေးမှုတွေ ပျောက်လာနေ

ဒီကနေ့ သင်္ကြန်အတက်နေ့ နောက်ဆုံးနေ့ ဖြစ်တာကြောင့် လူငယ်တွေဟာ ပိုပျော်ကြ တဲ့ ထုံးစံအတိုင်း စိတ်လွတ်ကိုယ်လွတ် ပျော်ပါးကြပြီး၊ အရက်ဘီယာတွေ သောက်တာတွေဟာလည်း တနှစ်ထက် တနှစ်တိုးလာနေတယ်လို့ သိရပါတယ်။

မန္တလေးသင်္ကြန်မှာ နန်းဆန်တဲ့ မန်းဟန် ယဉ်ကျေးမှုတွေပျောက်ပြီး သရုပ်ပျက် ယဉ်ကျေးမှုထွန်းကားလာတဲ့ အကြောင်း မန္တလေး ဒေသခံတဦးက ဘီဘီစီကို ပြောပါ တယ်။

မိန်းကလေးတွေ အတော်တော်များများက အသားကြပ် ဘောင်းဘီတွေနဲ့ စကပ်တွေ ဝတ်ကြပြီး၊ ယောင်္ကျားလေးတွေကလည်း ဆံပင်တွေဆေးဆိုး၊ အရောင် အကြောင် အကျားတွေ ဆေးဆိုးကြတာမျိုးရှိကြောင်း အဲဒီဒေသခံက ပြောပါတယ်။

နောက်ပြီးသူက ''နန်းဆန်တာတို့ မန်းဆန်တာတို့က နည်းနည်းပျောက်သွားပြီ။ အဓိကကတော့ အရက်ပေါ့နော်။ အရက်နဲ့ ဘီယာကတော့ အရမ်းပေါလာတယ်။ အဲ့ဒီတော့ အရက်ကလည်း ကျနော်တို့ လဖက်ရည်တခွက်က ၂၀၀၊ ၂၅၀။ အရက် တပက်က ၁၀၀ ဆိုတော့ ရွေးချယ်လို့ရတာ အရက်ပဲ ရွေးချယ်လို့ရတယ်။ အဲ့လို အခွင့်လမ်းကောင်းတွေ ပေါ်ပေါက်နေတာပေါ့'' လို့ ဆက်ပြောပါတယ်။

Image caption လူငယ်တွေက အခုလို ဝတ်စား ဆင်ယင်မှုတွေ ကို ပြုလုပ်လာနေကြပါပြီ

မန္တလေးမှာ ယာဉ်စည်းကမ်းကို တင်းတင်း ကျပ်ကျပ် လုပ်ထားလို့ ယာဉ်တိုက်မှုနဲပေမယ့် ရန်ဖြစ်တာတွေက နေရာ အတော်များများမှာ တွေ့ရတယ်လို့ဆိုပါတယ်။ မကွေးတိုင်း ပခုက္ကူ မြို့မှာတော့ မူးယစ်သောက်စားပြီး ရန်ဖြစ်တာ တွေ ဆိုင်ကယ် မဆင်မခြင်စီးတာတွေကြောင့် လူ ၄ယောက် လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူသင်္ကြန် အခြေအနေနဲ့ ယနေ့ခေတ် သင်္ကြန်အကြောင်း ပခုက္ကူဒေသခံတယောက်က ခုလိုပြောပြပါတယ်။

'' ၄ ယောက်သေသွားပြီခင်ဗျ၊ တယောက် မျက်စိထွက်သွားတယ်ကြားတယ်၊ရန်ဖြစ် ကြတာ ရန်ဖြစ်ကြတာ၊ လူငယ်တွေမူးတာပေါ့ဗျာ.. လူငယ်ချင်းဖြစ်တာပေါ့၊လူငယ် တွေ သောက်စရာသာ ပေါတာ၊ ရေမပေါ ဘူးလေ။ တိုင်းပြည်က ရေမပေါဘူး၊ ဘီယာ အရက်ပေါတယ်။ နောက်ပြီးတော့ မိန်းမတွေက အစ မူးနေကြတာ၊ ယဉ်ကျေးမှု ဆိုတာ ဗမာပြည်မှာ ဘာမှ မရှိတော့ဘူး လေ၊ ယဉ်ကျေးမှုဆိုတာက ပါးစပ်ပဲ ရှိတော့တာ၊ အကုန်ပျက်စီးနေကြပြီ ''

Image caption လူကြီးတွေကတော့ သင်္ကြန်ရိုးရာယဉ်ကျေးမှု ပျောက်ပြီး သရုပ်ပျက်လာမှာကို စိုးရိမ်

အရက် ဘီယာရောင်းတဲ့ ကုမ္ပဏီတွေက သူတို့ ပစ္စည်းတွေကြော်ငြာတဲ့အနေနဲ့ အရက်ဘီယာ အလကားဝေငှတာတွေကြောင့် မူးယစ် ရမ်းကား သူတွေ ပိုပေါလာတယ်လို့ ပြောပါတယ်။

တနှစ်တာမှာ ပျော်စရာအကောင်းဆုံးဖြစ်တဲ့ သင်္ကြန်ကို မူးယစ်ပျော်ပါးပြီး ကုန်ဆုံးတဲ့ သူတွေ ရှိသလို ဒါတွေကိုရှောင်ချင်လို့ ဒုလ္လဘရဟန်းဝတ် တာတွေ တရားစခန်းဝင်ကြတဲ့ သူတွေလည်း ရှိပါတယ်။

ရှေးမှီနောက်မှီ လူကြီးတွေကတော့ နှစ်သစ်ကူးတဲ့ သင်္ကြန်ရဲ့ ရိုးရာယဉ်ကျေးမှုတွေ ပပျောက် ပြီး သရုပ်ပျက်ယဉ်ကျေးမှုထွန်းကား သွားမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။