မြန်မာ့တပ်မတော်မှ တပ်သား၆ယောက်ထွက်ပြေး

  • 17 ဧပြီ 2011
မြန်မာတပ်ဖွဲ့ဝင်များ ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာတပ်ဖွဲ့ဝင်များ

ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ခိုလမ်မြို့နယ်ခွဲက မြန်မာအစိုးရစစ်တပ်ရဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်သား၆ ယောက်ဟာ တပ်တွင်းကနေလက်နက်ခဲယမ်းနဲ့အတူ ထွက်ပြေးပြီးတောင်ပိုင်းရှမ်းပြည် တပ်မတော် ရွက်ဆစ်အဖွဲ့တို့ဆီမှာ လက်နက်ချခိုလှုံနေတယ်လို့သိရပါတယ်။

ခိုလမ်မြို့နယ်ခွဲမှာ အခြေစိုက်နေတဲ့ မြန်မာအစိုးရစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ) ၁၅၂ က တပ်သား ၆ ယောက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဧပြီလ ၁၄ ရက်နေ့မှာ အဲဒီခိုလမ်ဒေသတဝိုက်မှာ လှုပ်ရှားနေတဲ့ SSA တောင်ပိုင်းရဲ့ တပ်ရင်းအမှတ် ၃၆၃ ဆီမှာ သူတို့နဲ့အတူပါလာတဲ့ MA1, MA 2 စတဲ့ လက်နက်၉ လက်နဲ့ ခဲယမ်းအချို့တွေကို အပ်ပေးပြီး အဲဒီကစစ်ကြောင်းတွေနဲ့အတူ နေထိုင်နေတယ်လို့ SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလောင်ဆိုင်က ဘီဘီစီကိုပြောပါတယ်။

သူ့ပြောပြချက်အရ- အဲဒီတပ်သားတွေ လက်နက်လာအပ်ပေးတဲ့အတွက် သူတို့ကို တယောက် ကျပ် ၁ သိန်းစီ SSA ကနေဆုငွေချီးမြင့်ပေးတယ်လို့ဆိုပါတယ်။ သူတို့တွေ တပ်တွင်းက ဘာကြောင့်ထွက်ပြေးလာရတယ်ဆိုတာကို ဗိုလ်မှုးစိုင်းလောင်ဆိုင်က သူတို့အပြောအရ စစ်ထဲကိုအတင်းသွတ်သွင်းခံရပြီး အလုပ်ကြမ်း ခိုင်းခံနေရကြောင်း အခုစစ်ဌာနချုပ်လုပ်မဲ့နေရာတွေမှာလည်း လယ်မြေတွေအဓမ္မသိမ်းနေကြောင်း ဒါ့အပြင်ရိက္ခာမလုံလောက်လို့ ဒေသခံတွေဆီက ခိုးယူလုယက်စားသောက်နေရလို့ လက်ရှိတပ်တွင်းအခြေအနေကို လက်မခံနိုင်တဲ့အတွက် ထွက်ပြေးရတာလို့ဆိုပါတယ်။

အခုထွက်ပြေးလာတဲ့တပ်သား ၆ ယောက်ထဲမှာ တပ်ကြပ်တဦးလဲပါတယ်လို့သိရပါတယ်။ သူတို့တွေကတော့ တပ်ကြပ် တင်ကိုလတ်၊ တပ်သား မိုးစစ်၊ မောင်ထွေး၊ ကျော်သူ၊ တိုးတက်အောင်နဲ့ မြင့်ချစ်ဦးတို့ပဲဖြစ်ပါတယ်။အခုလောလောဆယ်တော့ သူတို့တွေကို SSA က ပဲတာ၀န်ယူစောင့်ရှောက်ပေးနေတယ်လို့ဆိုပါတယ်။

နောက်ကျရင်တော့သူတို့တွေရဲ့ဆန္ဒအတိုင်း သူတို့အိမ်ပြန်ချင်ရင် သူတို့နေရပ်ကိုပို့ပေးဖို့ စီစဉ်ပေးမယ်။ အိမ်မပြန်ပဲ ထိုင်း-မြန်မာနယ်စပ်မှာအလုပ်လုပ်ချင်ရင်လဲ စီစဉ်ပေးမှာလို့ဆိုပါတယ်။ ဒါမှမဟုတ် အက်စ်အက်စ်အေမှာ သို့မဟုတ် မြန်မာကျောင်းသားတပ်မတော် (ABSDF) မှာ တာ၀န်ထမ်းဆောင်ချင်ရင်လဲ သူ့တို့ရဲ့သဘောထားအတိုင်းအားလုံးစီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဗိုလ်မှုးစိုင်းလောင်ဆိုင်ကပြောပါတယ်။